Monday, August 26, 2013

ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ ကားဈေးကွက် ပျက်

ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် တွင်ကျယ်ခဲ့သော လိုင်စင်မဲ့ ကားဈေးကွက်မှာ တရားဝင် ကား တင်သွင်းခွင့်များ၊ တရားမဝင် ကားများကို ဖမ်းဆီးမှုများနှင့် လွှတ်တော်တွင် ဆွေးနွေးမှုများ ကြောင့် ဝယ်လိုအား နည်းပါးလာသဖြင့် ပျက်လုနီးပါး ဖြစ်နေကြောင်း လိုင်စင်မဲ့ကား ဈေးကွက်မှ စုံစမ်း သိရှိရသည်။

ယခုအခါ လိုင်စင်မဲ့ ကားများ ဝင်ရောက်ရာ ဖြစ်သည့် နယ်စပ် တာချီလိတ်မြို့ တွင် အဖမ်းအဆီးများ သည့်အပြင် လိုင်စင်ဖြင့် ရောင်းချသည့် ရန်ကုန်နံပါတ် ပါ ကားပြခန်းများ ပေါ်ပေါက်ခဲ့ရာ လိုင်စင်ရှိ ကားများ ဝယ်ယူ စီးနင်းမှု များပြားလာကြောင်း ကား အရောင်းပြခန်း ဖွင့်လှစ် ရောင်းချနေသည့် ဦးစိုင်းမိုးတစ်က ပြောကြားသည်။

“အဖွဲ့အစည်း ကားတွေပါ ဖမ်းမယ် ဆိုတော့ လူတွေက သူတို့နဲ့မီပြီး လုပ်ထားကြတဲ့ ကားတွေ ဖမ်းခံရမှာ ကြောက်လာကြတယ်။ ပြီးတော့ သွင်းကုန် ထုတ်ကုန် ဥပဒေအရ လူပါဖမ်းတော့ ပိုကြောက် လာကြတယ်။ အခု လိုင်စင်ကားတွေ ဝယ်စီးလာကြပြီ။ သြဂုတ်လအတွင်း ၁၀ စီးကျော် ရောင်းရပြီ” ဟု ၎င်းက ဆိုသည်။

ယခင်က ကားဈေးများ မြင့်၍ ဈေးပေါသော လိုင်စင်မဲ့ ကားများ ဝယ်စီးကြ ရာမှ ယခုအခါ လိုင်စင်ရှိ ကားများကို ဈေးနှုန်းအရ လက်လှမ်းမီလာကြသဖြင့် လိုင်စင်မဲ့ ကားများ ဝယ်ယူသူ မရှိသလောက် ဖြစ်လာသောကြောင့် အချိန်တိုတွင်း လိုင်စင်မဲ့ ကားဈေးကွက် ပျောက်တော့မည် ဖြစ်ကြောင်း လိုင်စင်မဲ့ ကား ဝယ်/ရောင်း တစ်ဦးက ဆိုသည်။

တောင်ကြီးတွင်လည်း မြဝတီဘက်မှ လိုင်စင်မဲ့ကား မဝင်သလောက် ဖြစ်နေကြောင်း၊ ရှိသည့် ဈေးကွက်ထဲမှ ကားများလည်း အဝယ်မရှိဘဲ အရောင်းသာ ရှိနေကြောင်း တောင်ကြီးမှ လိုင်စင်မဲ့ ဝယ်ရောင်း တစ်ဦးက ပြောကြားသည်။

“မတ်တူးဆိုရင် ၁၀၊ ၁၅ လောက်ပဲ ရှိတယ်၊ ဟွန်ဒါဖစ်လည်း အတူတူလောက် စီအာဗီက ၃၀ ကျော်နဲ့ ဆပ်ဖ်က ၄၀ နဲ့ ၅၀ ကြား ရှိတယ်၊ ဒါပေမဲ့ ဝယ်လက် မရှိဘူး၊ တချို့ဆို မရောင်းရလို့ လိုင်စင်ပါတဲ့ ထိုင်း ဆိုင်ကယ်တွေနဲ့ လဲချင်နေကြတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် လများ အတွင်းက စစ်ကိုင်းတိုင်းဒေသကြီးတွင် ရဲအမှုထမ်းများ အပါအဝင် လိုင်စင်မဲ့ ကားကိစ္စ အရေးယူ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် လွှတ်တော်တွင်လည်း လိုင်စင်မဲ့ ကားများ ပပျောက်ရေး ဆွေးနွေးခဲ့ ကြခြင်းနှင့် အစိုးရက ကား တင်သွင်းခွင့်များ ယခင်ကထက် လွယ်ကူစွာ ဆောင်ရွက်နိုင်ရေး လုပ်ဆောင်လာမှုသည် လူထုကြားတွင် တရားဥပဒေ စိုးမိုးမှု မြင့်မားလာစေလျက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။

The Voice

0 comments:

Post a Comment