Monday, 27 May 2013
လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တွံ့တေး၊ ကျောက်တန်း မြို့နယ်တို့ တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် ကလေးအထူးကု ဆရာဝန်များ၏ ပြောကြားချက်အရ သိရသည်။
"လူနာတွေထဲမှာ သွေးလွန်တုပ်ကွေး လူနာရော ရိုးရိုးတုပ်ကွေးဖြစ်တဲ့ လူနာရော ရှိပါတယ်။ သွေးလွန်တုပ်ကွေးက အခုအချိန်မရွေး အသက်အရွယ်မရွေး ဖြစ်နေတယ် ဆိုပေမယ့် ဒီလိုမိုးဦးကျ ကာလဆိုရင် ကလေးငယ်တွေမှာ ဖြစ်ပွားမှု ပိုများတယ်။ လူနာ အများစုကတော့ နယ်ကသူတွေ များပါတယ်။ ဒီအချိန် မိုးကရွာလိုက် ရပ်လိုက်ဖြစ်နေတယ်။ မိုးက များများမရွာပေမယ့် ရပ်ကွက်တွေမှာ ရေကျန်တာမျိုးတွေလည်း ရှိတော့ အဲဒီကခြင်ပေါက်ပြီး သွေးလွန်တုပ်ကွေး ဖြစ်ကြတာပါ" ဟု ရန်ကုန်ကလေးဆေးရုံကြီးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
သွေးလွန်တုပ်ကွေး ရောဂါသည် မိုးဦးကျနှင့် မိုးတွင်းကာလများဖြစ်သည့် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် ဖြစ်ပွားမှုများပြီး ယခုနှစ်ပိုင်းများ၌ တစ်နှစ်တာပတ်လုံး ဖြစ်ပွားမှုများလည်း ရှိကြောင်းနှင့် ကလေးငယ်များ၊ ဆယ်ကျော်သက် လူငယ်များသာမက လူကြီးပိုင်းများတွင်လည်း ဖြစ်ပွားမှုများ ရှိလာကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်ကို မေ ၂၄ ရက်က နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် အသက်သေဆုံးမှု ကျဆင်းလာသော်လည်း ရောဂါဖြစ်ပွားမှု အများဆုံး နိုင်ငံများတွင် ပါဝင်နေဆဲဖြစ်ကြောင်းနှင့် ယခင် ၂၀၁၂ ခုနှစ် ပထမ ခြောက်လအတွင်းမှာပင် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်တွင် ဖြစ်ပွားသူဦးရေ ၄၀ ကျော်အထိ ရှိခဲ့ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းမှာ ၁၉၇၀ ပြည့်နှစ်က သွေးလွန်တုပ်ကွေးလူနာ ၁၀၀ လျှင် သေဆုံးသူဦးရေ ခြောက်ဦးအထက် ရှိခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်တွင် လူနာ ၁၀၀ လျှင် တစ်ဦးနှုန်းသာ သေဆုံးလာကြောင်းလည်း သိရသည်။
တစ်ကမ္ဘာလုံး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု၏ ၇၅ ရာခိုင်နှုန်းသည် အာရှ-ပစိဖိတ် ဒေသများမှ ဖြစ်ကြောင်းနှင့် အရှေ့တောင်အာရှ နိုင်ငံများသည် တစ်ကမ္ဘာလုံး သွေးလွန်တုပ်ကွေး ကူးစက်ဖြစ်ပွားမှုရှိသော ဒေသ၏ ၅၂ ရာခိုင်နှုန်းဖြစ်ပြီး အင်ဒိုနီးရှား၊ ထိုင်းနှင့်မြန်မာနိုင်ငံတို့သည် ရောဂါဖြစ်ပွားမှု အများဆုံး ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း လျှော့ချနိုင်ရန် ပိုးလောက်လမ်းနှိမ်နင်းရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် "ဖုံး၊ သွန်၊ လဲ၊ စစ်"လုပ်ငန်းလေးရပ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဆေးမှုတ်ခြင်း၊ ဆေးဖျန်းခြင်း၊ ခြင်ထောင်ဆေးစိမ်ခြင်း၊ ပိုးလောက်လမ်းစား ငါးများမွေးမြူခြင်း၊ ကျန်းမာရေး ပညာပေးလုပ်ငန်းများ လုပ်ဆောင်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၁၉၆၉ ခုနှစ်မှစ၍ သွေးလွန်တုပ်ကွေးရောဂါပိုးကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ သွေးလွန်တုပ်ကွေး ရောဂါသည် ဒင်ဂီးဗိုင်းရပ် (စ်)ပိုးကြောင့်ဖြစ်ပြီး ဒင်ဂီးဗိုင်းရပ် (စ်)ပိုး အမျိုးအစား လေးမျိုးရှိကြောင်း၊ ဒင်ဂီးဗိုင်းရပ် (စ်)ပိုး သယ်ဆောင်လာသော ခြင်ကျားမှတစ်ဆင့် လူကိုကိုက်ရာမှ ရောဂါကူးစက် ပြန့်ပွားခြင်းဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းတစ်ခု၌ အုတ်ကန်အတွင်းမှ ပိုးလောက်လမ်းများကို ကျောင်းသားအချို့က ဖယ်ရှားနေစဉ်
Eleven Media Group

0 comments:
Post a Comment