Thursday, January 12, 2017

အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံထားရသော ဒေါ်နယ်ထရန့်က ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်

အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံထားရသော ဒေါ်နယ်ထရန့်သည် နိုဝင်ဘာ ၈ ရက်က သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက်ပိုင်း ဇန်န၀ါရီ ၁၁ ရက်တွင် ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ထရန့်က ၎င်းသည် အိမ်ဖြူတော်သို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် အကျိုးစီးပွား စပ်ယှက်မှုများရှိနိုင်မှုအား ရှောင်လွှဲရန်အတွက် ၎င်း၏ စီးပွားရေးလုပ်ငန်းများအား သားနှစ်ဦးဖြစ်သော ဒွန်ဂျူနီယာနှင့် အီရစ်တို့ထံ အပြီးအပြတ် လွှဲပေးခဲ့ကြောင်း၊ စီးပွားရေးနှင့် ပတ်သက်၍ ၎င်းတို့နှစ်ဦးသည် မိမိနှင့်ဆွေးနွေးလိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သော သီတင်းပတ်ကုန်ရက်များက အရှေ့အလယ်ပိုင်းရှိ ဒူဘိုင်းမှ ကြီးမားသော လုပ်ငန်းရှင်တစ်ဦးထံမှ ဒေါ်လာနှစ်ဘီလျံအထိ တန်ဖိုးရှိသော ကမ်းလှမ်းချက်တစ်ခု ရရှိခဲ့ကြောင်း ထရန့်က ထုတ်ဖော် ပြောကြားခဲ့သည်။ သို့သော် သမ္မတအဖြစ် ထမ်းဆောင်ရန် ပြင်ဆင်နေစဉ် စီးပွားရေးအား နောက်မှာထားကြောင်း ပြသမှုအဖြစ် ယင်းကမ်းလှမ်းချက်ကို ပယ်ချခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။ ထရန့်၏ စီးပွားရေးအင်ပါယာသည် ၎င်း၏ သမ္မတသက်တမ်း ကာလအတွင်း မည်သည့် ပြည်ပသဘောတူညီချက်မျှ ပြုလုပ်မည် မဟုတ်ကြောင်း ၎င်း၏ ကုမ္ပဏီများအတွက် ရှေ့နေအဖြစ် ဆောင်ရွက်နေသူ ရှာရီဒီလွန်က ဇန်န၀ါရီ ၁၁ ရက်တွင် ဆိုခဲ့သည်။

ရုရှားနှင့် ၎င်းတို့အကြား အပေးအယူလုပ်ထားသော အချက်အလက်များရှိကြောင်း စွပ်စွဲထားသည့် မှတ်တမ်းများနှင့် ပတ်သက်၍ ထရန့်က ယင်းသည် သတင်းတုများဖြစ်ကြောင်း၊ ယင်းကဲ့သို့ အဖြစ်မျိုး မရှိခဲ့ကြောင်း ပယ်ချခဲ့သည်။ သို့သော် ဒီမိုကရက်တစ်ပါတီ၏ ကွန်ပျူတာများအား ဆိုက်ဘာတိုက်ခိုက်မှု နောက်ကွယ်တွင် ရုရှား ပါဝင်နေကြောင်းကိုမူ ၎င်းက လက်ခံခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဆက်ဆံရေးအဆင်ပြေခဲ့ပါက အဖိုးတန်သောပိုင်ဆိုင်မှု ဖြစ်လာမည် ဖြစ်ကြောင်း၊ သို့သော် လတ်တလောတွင် ရုရှားနှင့် ဆက်ဆံရေး ဆိုးရွားနေခြင်းကြောင့် ၎င်းတို့နှစ်ဦး မဟာမိတ်ဖြစ်လာရန် အခြေအနေမပေးနိုင်မှုကိုမူ ၀န်ခံခဲ့သည်။

၎င်း၏ အစိုးရအဖွဲ့သည် အလုပ်အကိုင်များ ဖန်တီးပေးသွားမည်ဖြစ်ပြီး ၎င်းသည် အလုပ်အကိုင်အများဆုံး ဖန်တီးပေးသူ ဖြစ်လာမည်ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။ ထို့ပြင် ဈေးနှုန်းများ မြင့်မားမှုနှင့် ပြည်ပတွင် ထုတ်လုပ်နေမှုများအတွက် ဆေးဝါးလုပ်ငန်းများအား ထရန့်က ဝေဖန်ခဲ့ပြီး ဈေးနှုန်းများ သတ်မှတ်ရာတွင် လုပ်ထုံးလုပ်နည်းသစ်များ ချမှတ်သွားမည်ဟု ပြောကြားခဲ့သည်။ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီများသည် ပြည်ပမှနေ၍ အမေရိကန်သို့ ပြန်လာရမည်ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့ပြီး ရွေးကောက်ပွဲနောက်ပိုင်း ကားလုပ်ငန်းများနှင့် လေယာဉ်လုပ်ငန်းများ အပါအ၀င် စီးပွားရေးလုပ်ငန်းများအား အမြဲလိုလို ဝေဖန်တိုက်ခိုက်မှုများအနက် ၎င်း၏ နောက်ဆုံး တိုက်ခိုက်မှု ဖြစ်လာခဲ့သည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment