Tuesday, December 15, 2015

အပြင်းအထန် ဒဏ်ရာရ၊ သေဆုံးသည်အထိ တိုက်ပြေးသည့် ယာဉ်မောင်းအား ဖမ်းဆီးမိပါက တရားရုံး ပြစ်ဒဏ်အပြင် လိုင်စင် ရာသက်ပန် ပိတ်သိမ်းမည်

လူကို အပြင်းအထန် ဒဏ်ရာရ၊ သေဆုံးသည်အထိ ယာဉ်တိုက်မှု ဖြစ်ပွားပြီး ထွက်ပြေးသည့် ယာဉ်မောင်းအား ဖမ်းဆီး ရမိပါက တရားရုံးမှ ချမှတ်မည့် ပြစ်ဒဏ်အပြင် ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေဖြင့်လည်း တိုက်ပြေးသူ၏ ယာဉ်မောင်းလိုင်စင်ကိုပါ ရာသက်ပန် ပိတ်သိမ်း အရေးယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အတွင်း ယာဉ်တိုက်မှု ၈၈ မှု ဖြစ်ပွားခဲ့ပြီး ယင်းတို့အနက် တိုက်ပြေးသည့် အမှုများမှာ ၂၄ မှုရှိကာ ၁၁ မှုသာ ဖမ်းဆီးရမိသေးကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ရရှိသည့် အချက်အလက်များအရ သိရသည်။

မော်တော်ယာဉ် ဥပဒေသစ်အရ လမ်းပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားပါက ထိခိုက်ဒဏ်ရာ ရရှိသည့်သူအား တာဝန်သိစွာဖြင့် ဆေးရုံဆေးခန်းသို့ လိုက်လံပို့ဆောင်ပေးရမည်ဖြစ်ပြီး ထိုသို့ ပို့ဆောင်ပေးပါက ပြစ်ဒဏ်လျှော့ပေါ့မည်ဖြစ်ကာ အကယ်၍ တိုက်ပြေးပါက ဖမ်းဆီးရမိလျှင် ထိုယာဉ်မောင်းအား ကြီးလေးသည့်ပြစ်ဒဏ်ကို တရားရုံးမှ ချမှတ်မည်ဖြစ်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေဖြင့်လည်း လိုင်စင်ကို ရာသက်ပန် ပိတ်သိမ်းသည်အထိ ထပ်ဆင့်အရေးယူမှုများ ပြုလုပ်နေကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှ ဒုရဲမှူးမျိုးအောင်မြင့်က ပြောကြားသည်။

၎င်းက “တာဝန်မဲ့စွာနဲ့ မောင်းပြေးတယ်ဆိုရင် ဖော်ထုတ်ဖမ်းဆီး ရမိရင်တော့ ကျွန်တော်တို့က အထူးအစီရင်ခံစာ ရေးသားပြီး တရားရုံးက ထိုက်သင့်တဲ့ ပြစ်ဒဏ်အပြင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဘက်က နေပြီးတော့ ကျူးလွန်တဲ့သူရဲ့ ယာဉ်မောင်းလိုင်စင်ကို ရာသက်ပန် ပိတ်သိမ်းတဲ့အထိ အရေးယူမှု ပြုလုပ်ပါမယ်။ အဲဒီလို အရေးယူခဲ့တာလည်း ရှိပါတယ်” ဟု ပြောကြားသည်။

ယခုလ ဒီဇင်ဘာ ၃ ရက်မှ ၁၀ ရက်အထိ တစ်ပတ်တာအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ယာဉ်တိုက်မှုပေါင်း ၄၃ မှု ဖြစ်ပွားခဲ့ပြီး လူ ၂၄ ဦး သေဆုံးခဲ့ကာ ၅၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Credit To >>>> Eleven Media Group

0 comments:

Post a Comment