Monday, November 23, 2015

ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးတို့ကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများဖြင့် အမှုဖွင့်



ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးတို့ကို နိုဝင်ဘာလ ၂၁ ရက်နေ့က လှည်းကူးမြို့မ ရဲစခန်းတွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပုဒ်မများဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

နိုဝင်ဘာ ၄ ရက်က လှည်းကူးမြို့နယ်၊ ဒရယ်ဘိုကျေးရွာရှိ ဘောလုံးကွင်းတွင် မဲဆွယ်စည်းရုံးရေး ပြုလုပ်ခဲ့စဉ် ဝန်ကြီးချုပ် ဦးမြင့်ဆွေ အပါအဝင် လှည်းကူးမြို့နယ် ကြံ့ခိုင်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ကြံ့ခိုင်ရေး ပါတီကို မဲပေးပါက လျှပ်စစ်မီးများ အမြန်ရရှိရန်ဆောင်ရွက်ပေးမည်ဟု ဟောပြောခဲ့သောကြောင့် မြို့နယ် NLD ပါတီဘက်မှ တရားလိုပြုကာ အမှုဖွင့် တိုင်ကြားခဲ့ကြောင်း လှည်းကူးမြို့မ ရဲစခန်းထံမှ သိရှိရသည်။
“ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက လူထုအပေါ် မက်လုံးပေးပြီး မဲဆွယ် စည်းရုံးခဲ့တယ်၊ ဒါကို ကျွန်တော်တို့ဘက်က အသံဖိုင် ဗီဒီယိုဖိုင် အထောက်အထားတွေနဲ့ ရထားတယ်၊ အမှုမဖွင့်ခဲ့ဘူး၊ သူတို့ဘက်က ကျွန်တော်တို့ ပါတီဝင်တွေကို အမှုတွေ တန်းစီနေအောင် ဖွင့်နေလို့ တန်ပြန် အမှု ဖွင့်ခဲ့တာ” ဟု လှည်းကူး မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ( NLD ) ပါတီမှ ဒုတိယ ဥက္ကဌ ဦးမောင်မောင်က ပြောကြား သည်။
အမှုဖွင့်တိုင်ကြားခံရသူ ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးတို့ကို ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၇/၅၉(က) တို့ဖြင့် အမှုဖွင့်ထားပြီး လှည်းကူးမြို့နယ် ကြံ့ခိုင်ရေး ပါတီဘက်မှ ဝင်ရောက် ယှဉ်ပြိုင်သည့် ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ အောင်မြတ်သူကိုလည်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များထံမှ သိရှိရသည်။
ယင်းအမှုဖွင့် တိုင်ကြားခံရသော လှည်းကူးမြို့နယ် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်လောင်းများထံသို့ The Voice မှ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။ လှည်းကူးမြို့နယ်တွင် NLD ပါတီမှ မဲအပြတ် အသတ် အနိုင်ရရှိခဲ့ပြီးနောက် NLD ပါတီ ကိုယ်စားလှယ်လောင်းများဖြစ်သော ပြည်သူ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း အပါအဝင် ပါတီဝင် များကို နိုဝင်ဘာလ ၂၁ ရက်နေ့အထိ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မများဖြင့် ကြံ့ခိုင်ရေးပါတီက အမှုဖွင့် တိုင်ကြားမှု ၁၅ မှု အထိ ရှိကြောင်း လှည်းကူးမြို့မ ရဲစခန်းထံမှ သိရှိရသည်။

Credit To >>> The Voice News

0 comments:

Post a Comment