Saturday, October 31, 2015

ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီမှ ရှယ်ယာများ နိုဝင်ဘာ ၃ ရက်မှ စတင်ထုတ်ရောင်းမည်ဖြစ်ပြီး ကုမ္ပဏီတည်ထောင် သူများအဖြစ် အစိုးရနှင့် နီးစပ်သည့် ရွှေတောင်၊ ရွှေသံလွင်၊ ဒိုင်းမွန်းစတား၊ Zeya & Associate နှင့် Fish and Marine 2000 ကုမ္ပဏီများ ပါဝင်ခွင့်ရ


၂၀၁၆ နှစ်ဆန်းပိုင်းတွင် ရန်ကုန်မြို့တွင်း အမြန်ဘတ်စ်ကားလိုင်းများ စတင်ပြေးဆွဲရန် စီစဉ်နေသည့် ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သောကုမ္ပဏီမှ ရှယ်ယာများ နိုဝင်ဘာ ၃ ရက်မှ စတင်ထုတ်ရောင်း မည်ဖြစ်ပြီး ကုမ္ပဏီ တည်ထောင်သူများအဖြစ် အစိုးရနှင့် နီးစပ်သည့် ရွှေတောင်၊ ရွှေသံလွင်၊ ဒိုင်းမွန်းစတား စသည့် ကုမ္ပဏီများအပြင် Zeya & Associate နှင့် Fish and Marine 2000 ကုမ္ပဏီများ ပါဝင်ခွင့်ရခဲ့ကြောင်း သိရသည်။

ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီကို အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၁၀ ဘီလျံ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၁၅ ဘီလျံဖြင့် တည်ထောင်ခွင့် ရရှိခဲ့ကြောင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံငွေ ကျပ် ၁၅ ဘီလျံအနက် ၁၀ ဘီလျံကို ကုမ္ပဏီ တည်ထောင်သူများဖြစ်သည့် ရွှေတောင်၊ ရွှေသံလွင်၊ ဒိုင်းမွန်းစတား၊ Zeya & Associate နှင့် Fish and Marine 2000 ကုမ္ပဏီများက ၀ယ်ယူခွင့်ရရှိခဲ့ပြီး ကျန်ရှိသည့် ကျပ်ငါးဘီလျံကို အများပြည်သူသို့ ရောင်းချမည်ဖြစ်ကြောင်း အောက်တိုဘာ ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သောကုမ္ပဏီ မိတ်ဆက်ပွဲနှင့် အစုရှယ်ယာရှင် ဖိတ်ခေါ်ခြင်း အခမ်းအနားမှ သိရသည်။
ရှယ်ယာတစ်စုလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ရှယ်ယာအစုပေါင်း ငါးသောင်းရောင်းချမည် ဖြစ်ကြောင်း၊ တစ်ဦးလျှင် ရှယ်ယာအစု ၁၀၀၀ အထိ ၀ယ်ယူနိုင်ပြီး ကျိုက္ကဆံစူပါဝမ်း ကုန်တိုက်နံဘေးရှိ မထသ (မြို့တွင်း) ရုံးတွင် ဖွင့်လှစ်ထားသော ကုမ္ပဏီရုံးခန်းတွင် မှတ်ပုံတင်ပြရုံဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာမောင်အောင်၏ ပြောကြားချက်အရ သိရသည်။
ကုမ္ပဏီ၏ နာယကသုံးဦး အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေ၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်တို့ ပါဝင်မည်ဖြစ်ကြောင်း၊ ဒါရိုက်တာအဖွဲ့ကိုမူ အစိုးရဘက်မှ လေးဦးနှင့် ပုဂ္ဂလိကဘက်မှ ရွှေတောင်၊ ရွှေသံလွင်၊ ဒိုင်းမွန်းစတား၊ Zeya & Associate နှင့် Fish and Marine 2000 ကုမ္ပဏီများက ပါဝင်မှုဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
ယင်းကုမ္ပဏီအနေဖြင့် ပထမတစ်နှစ်မှ နှစ်နှစ်အတွင်း အမြတ်အစွန်း ရရှိနိုင်မည် မဟုတ်ဘဲ ရေရှည်မှသာ ရရှိနိုင်မည်ဟု ၎င်းက ပြောကြားသည်။
ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီက ရန်ကုန်မြို့တွင်း အမြန်ဘတ်စ်ကားလိုင်း စနစ်များ ပြေးဆွဲရန် ခွင့်ပြုချက်ကျခဲ့ပြီး ပြည်ပမှ ကားအသစ်  ၆၅ စီးတင်သွင်းထားတာ ဒီဇင်ဘာလတွင် ရောက်ရှိမည် ဖြစ်ကြောင်း၊၂၀၁၆ ခုနှစ် ဇန်န၀ါရီလဆန်းတွင် ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းတို့တွင် စတင်ပြေးဆွဲမည်ဖြစ်ပြီး လမ်း၏ညာဘက် ယာဉ်ကြောကို အသုံးပြုခွင့် ရရှိခဲ့ကြောင်း သိရသည်။
ယာဉ်စီးခ မသတ်မှတ်ရသေးဘဲ အများပြည်သူ တတ်နိုင်သည့် ဈေးနှုန်းဖြင့် ပြေးဆွဲပေးမည်ဖြစ်ကြောင်း၊ အမြန်လိုင်းဖြစ်၍ မှတ်တိုင်တိုင်း ရပ်မည်မဟုတ်ဘဲ ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းတို့ရှိ မှတ်တိုင် ၃၆ ခုတွင်သာ ရပ်မည်ဖြစ်ပြီး နေ့စဉ် နံနက် ၆ နာရီ ခွဲမှ ည ၉ နာ ရီခွဲအထိ ပြေးဆွဲမည် ဖြစ်ကြောင်း၊ ယာဉ်လမ်းကြောင်း အနေဖြင့် အခြားခရီးသည်တင် ယာဉ်များနှင့် တစ်ခုတည်း သွားလာရမည်ဖြစ်ပြီး အမြန်ယာဉ်ကို ဦးစားပေး သွားလာစေမည် ဖြစ်ကြောင်း သိရသည်။
ပြေးဆွဲမည့် လမ်းကြောင်းများသည် မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု များပြားသည့် နေရာများကို ဖြတ်သန်းခြင်းပြုမည် မဟုတ်ဘဲ လမ်းနံဘေး ဈေးသည်များ၊ အခြားယာဉ်များ ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများ အတွက်လည်း ကြိုတင်ပြင်ဆင်ထားပြီး CCTV ကင်မရာများလည်း တပ်ဆင်မည် ဖြစ်ကြောင်း သိရသည်။
“ရန်ကုန်မြို့မှာ နှစ်သန်းကျော်တဲ့ ခရီးသွားတွေက ဘတ်စ်ကားကို အားကိုးနေရတယ်။ အခုဘတ်စ်ကားတွေက စည်းကမ်းလိုက်နာမှု အားနည်းတယ်။ ခရီးသည်တွေ ဘေးကင်းလုံခြုံမှု အားနည်းတယ်။ ယာဉ်ကြော ပိတ်ဆို့မှုကြောင့် ခရီးသည်တွေ ဘတ်စ်ကားပေါ်မှာ အချိန်ကုန်တာများပြီး ၀န်ဆောင်မှုလည်း အားနည်းတယ်” ဟု ဒေါက်တာ မောင်အောင်က ပြောကြားသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment