Monday, October 12, 2015

ကျပ်သိန်း ၂၀၀ ၀န်းကျင်သာ ကျသင့်မည်ဟု အာမခံ ပြောကြားမှုများ ရှိခဲ့သည့် တန်ဖိုးမျှတ ဧရာဝဏ်နှင့် ရတနာ အိမ်ရာစီမံကိန်း တိုက်ခန်းများ တစ်ပေပတ်လည်လျှင် ကျပ်တစ်သိန်းမှ ကျပ်တစ်သိန်း နှစ်သောင်း အကြားရှိနေပြီး တစ်ခန်းလျှင် အနည်းဆုံး ကျပ်သိန်း ၆၀၀ မှ ကျပ်သိန်း ၇၀၀ ၀န်းကျင် ကျသင့်မည်ဟုဆို

ကျပ်သိန်း၂၀၀ ၀န်းကျင်ဖြင့် ရောင်းချပေးမည့် တန်ဖိုးမျှတ အိမ်ရာဟုဆိုကာ ဒဂုံဆိပ်ကမ်း မြို့နယ်တွင် ဆောက်လုပ်နေသည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်း တိုက်ခန်းများမှာ တစ်ပေပတ်လည်လျင် ကျပ်တစ်သိန်းမှ ကျပ်တစ်သိန်း နှစ်သောင်းအကြား ကျသင့်နိုင်မည်ဖြစ်ပြီး တိုက်ခန်းတစ်ခန်းလျှင် အနည်းဆုံး ကျပ်သိန်း ၆၀၀ မှ ကျပ်သိန်း ၇၀၀ ၀န်းကျင်အထိ ကျသင့်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက ပြောကြားသည်။

အဆိုပါ ပြောကြားချက်ကို အောက်တိုဘာ ၁၀ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်ရုံးတွင် ပြည်တွင်း အိမ်ခြံမြေရှာဖွေရေး ၀က်ဘ်ဆိုက်ဖြစ်သည့် House.com.mm က ဦးဆောင်ကျင်းပသည့် Realestate Conference 2015 အခမ်းအနားတွင် တက်ရောက်သူများ၏ မေးမြန်းမှုအပေါ် ဒေါ်မိုးသီတာက တုံ့ပြန်ပြောကြား ခဲ့ခြင်းဖြစ်သည်။
“ရတနာအိမ်ရာက ဆောက်လက်စပဲ ရှိသေးတယ်။ ဆောက်လုပ်ရေး ကုန်ကျစရိတ်တွေက တွက်လို့ မရသေးဘူး။ Construction Loan တွေကရှိပါသေးတယ်။ ကျွန်မတို့ မှန်းထားတာကတော့ ဈေးကွက် ပေါက်ဈေးပေါ့။ 1 sqft ကို ကျပ်တစ်သိန်းထက် မကျော်ရဘူး ဆိုပေမယ့် အခြေအနေအရ ကျပ်တစ်သိန်းနဲ့ ကျပ်တစ်သိန်း နှစ်သောင်းအကြား ဖြစ်နိုင်ပြီး အခုဆောက်နေတာက 600 sqft ဆိုတော့ တစ်ခန်းကို ကျပ်သိန်း ၆၀၀ ကနေ ကျပ်သိန်း ၇၀၀ ၀န်းကျင် ကျသင့်ပါမယ်။ ကျွန်မက ဒီစီမံကိန်းကတော့ မဟုတ်ပါဘူး။ အများစုကတော့ အိုးအိမ်ကပဲ ဦးဆောင်ပြီး ဆောက်နေတာပါ” ဟု ဒေါ်မိုးသီတာက ဆိုသည်။
အဆိုပါ အိမ်ရာစီမံကိန်းအား စတင်ရေးဆွဲခဲ့စဉ်က တန်ဖိုးနည်း၊ တန်ဖိုးလတ်နှင့် တန်ဖိုးမြင့်အိမ်ရာ အိမ်ရာစီမံကိန်း အဖြစ်သာ လုပ်ဆောင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး တန်ဖိုးနည်းအိမ်ရာ ၃၀ ရာခိုင်နှုန်းနှင့် တန်ဖိုးမြင့်အိမ်ရာ ၇၀ ရာခိုင်နှုန်း ပါဝင်မည် ဖြစ်ကြောင်းနှင့် စီမံကိန်းအား သုံးနှစ်အတွင်း အကောင်အထည် ဖော်ဆောင်မည်ဖြစ်ကာ ၁၀ နှစ်မှ နှစ် ၃၀ အထိ အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး လစဉ်ကျပ် ၈၈၀၀၀ ရရှိသူ၏ ၀င်ငွေအပေါ် ၃၀ ရာခိုင်နှုန်း လစဉ်ပေးသွင်းရမည့် နှုန်းထားဖြင့် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနက ၂၀၁၂  ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ရှင်းလင်းပြောကြား ခဲ့ဖူးသည်။
ထို့နောက် စီမံကိန်းစတင်ခဲ့ရာ ပုဂ္ဂလိက လုပ်ငန်းရှင်များကို စီမံကိန်း လုပ်ကိုင်ခွင့်ပေးအပ်ခဲ့ပြီး Origional Group  Co,Ltd အပါ အ၀င် Developer လေးဦးခန့်ကို ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်း လုပ်ကိုင်ခွင့် ချထားပေးခဲ့သည်။ ထိုသို့ ချထားပေးပြီးနောက် တန်ဖိုးနည်း အိမ်ရာဆိုသည့် စကားလုံးအစား တန်ဖိုးမျှတ အိမ်ရာဟုဆိုကာ အသွင်ပြောင်းလဲလိုက်ပြီး တစ်ခန်းလျှင် ကျပ်သိန်း ၂၀၀ ခန့်ကျသင့်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုသို့ တန်ဖိုးနည်း ဟုဆိုကာ ဆောက်လုပ်ခဲ့သည့် စီမံကိန်းမှာ ကျပ်သိန်း ၂၀၀ အထိ ဖြစ်လာမည် ဆိုသဖြင့် ရန်ကုန်မြို့တွင်းရှိ တာမွေ၊ ကျောက်မြောင်း၊ သင်္ဃန်းကျွန်း အစရှိသည့် မြို့တွင်းနှင့် နီးကပ်သည့် တိုက်ခန်းများမှာ ၅၀ ရာခိုင်နှုန်းခန့် ရုတ်တရက် တန်ဖိုးမြင့်တက်ခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်း ကျပ်သိန်း ၂၅၀ ၀န်းကျင်သာရှိသည့် တိုက်ခန်းများမှာ ကျပ်သိန်း ၃၅၀ ၀န်းကျင်အထိ ခုန်တက်ခဲ့သည်။
“သာမန်လူတန်းစားတွေ အတွက် တန်ဖိုးနည်းအိမ်ရာဆိုတာ တစ်ပေပတ်လည် ကျပ်တစ်သိန်းဆိုတာ လုံးဝသတ်မှတ်လို့ မရဘူး။ တစ်ပေပတ်လည် ကျပ်တစ်သိန်း ဆိုတာကတော့ ပိုက်ဆံတတ်နိုင်တဲ့ လူတန်းစားတွေ အတွက် ဖြစ်နေပြီ” ဟု ရွှေအိမ်ကမ္ဘာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း ပိုင်ရှင်က ဆိုသည်။
အစိုးရက ဖော်ဆောင်နေသည့် အထပ်မြင့်အိမ်ရာ စီမံကိန်းများ ဆောင်ရွက်ကြသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့် အမြတ်အစွန်းထက် ပြည်သူလူထုအတွက် စေတနာထား ဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အောက်တိုဘာ ၉ ရက်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဧရာဝဏ်-ရတနာ အထပ်မြင့်အိမ်ရာ စီမံကိန်း ရှင်းလင်းဆောင် ခန်းမ၌ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။
ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းသည် Bored Pile နှင့် Precast အစရှိသော ဆောက်လုပ်ရေး နည်းစနစ်များအရ တန်ဖိုးသင့် အိမ်ရာများ ဖြစ်လာမည် ဖြစ်သော်လည်း အတတ်နိုင်ဆုံး ပြည်သူလူထု သက်သာမှုရှိအောင် တွက်ချက်ဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားခဲ့သည်ဟု ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ထိုသို့ နိုင်ငံတော် သမ္မတက ပြောကြားခဲ့သော်လည်း တိုက်ခန်းတန်ဖိုးများမှာ ဖြစ်သင့်သည့် တန်ဖိုးထက် အဆမတန် များပြားနေကာ ယခင်ပြောကြားခဲ့သည့် တန်ဖိုးမျှတ စီမံကိန်း ကျပ်သိန်း ၂၀၀ ထက် ၃ ဆကျော် များပြားနေခြင်း ဖြစ်သည်။
“တစ်ပေပတ်လည် ကျပ်တစ်သိန်း ဆိုရင်တောင် အရမ်းများနေပြီ။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ဈေးနှုန်းပဲ။ ဒီလိုနေရာက အိမ်ခန်းကို ကျပ်သိန်း ၆၀၀ သတ်မှတ်မယ်ဆိုရင် သူ့ထက်အချက်အချာကျတဲ့ နေရာတွေက တိုက်ခန်းတွေကလည်း ဈေးပိုတက်လာမှာပဲ” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဦးသိန်းလှညိုက ပြောကြားသည်။
၂၀၁၃ခုနှစ် ဧပြီ ၁၀ ရက်က မြေဧက ၂၂၀ ၌ စတင်ဆောက်လုပ်ခဲ့သည့် ဧရာဝဏ်-ရတနာ တန်ဖိုးသင့်အိမ်ရာ စီမံကိန်း၌ ၂၄ ခန်းတွဲ ၁၈ ထပ် အဆောက်အအုံ ၄၉ လုံးပါဝင်ပြီး အခန်းပေါင်း ၁၆၆၉၆ ခန်းပါဝင်သည်။ အခန်းများကို အကျယ်အ၀န်း ၆၀၀ sqft မှစ၍ ဆောက်လုပ်သည်။

Credit  To >>> Eleven Media Group

0 comments:

Post a Comment