Monday, September 7, 2015

တရုတ်၏သင်္ဘောဖျက် ဒုံးကျည်သစ်များက ရေတပ်စွမ်းရည်ကို ပိုမိုအလေးထားလာကြောင်း ဖော်ပြနေ


တရုတ်နိုင်ငံတွင် စက်တင်ဘာ ၃ ရက်က ပြုလုပ်ခဲ့သော ဧရာမစစ်ရေးပြ အခမ်းအနားအတွင်း ဒုံးကျည်များစွာကို ထုတ်ဖော်ပြသခဲ့ပြီး စစ်တပ်အင်အား လျှော့ချမည့် အကြောင်းကို ကြေညာခဲ့သည်။
ယင်းဖြစ်စဉ်များကြောင့် ပစိဖိတ်ဒေသအတွင်း အမေရိကန်နှင့် အင်အားချင်း ယှဉ်နေရသည့် တရုတ်သည် သူ၏ရေတပ် အင်အားကို တိုး ချဲ့ရန် လုပ်ဆောင်နေသည်ကို သိသာစေခဲ့သည်ဟု လေ့လာသူများက ပြောကြားခဲ့ကြသည်။
ပေကျင်းတွင် ပြုလုပ်ခဲ့သည့် စစ်ရေးပြ အခမ်းအနားအတွင်း အသံထက် ၁၀ ဆ ပိုမြန်သော သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်များကို ပြသခဲ့သည်။ ဖြစ်လာရန် အလားအလာရှိသည့် ပဋိပက္ခအတွင်း ထိုဒုံးကျည်များသည် တရုတ်၏ ၀ှက်ဖဲများဖြစ်ပြီး စစ်ရေးချိန်ခွင်ကို ညီစေမည့် တရုတ်နိုင်ငံ၏ အဓိကလက်နက်များ ဖြစ်သည်ဟု နိုင်ငံပိုင် သတင်းဌာနတွင် သုံးနှုန်းသွားခဲ့သည်။
ကွန်ပျူတာထိန်းချုပ်ရေး စနစ်ဖြင့် ပစ်ခတ်နိုင်ပြီး သင်္ဘောပေါ်တွင် တပ်ဆင်နိုင်သည့် DF-21D တာလတ်ပစ် ဒုံးကျည်များသည် ရွေ့လျားနေသော ပစ်မှတ်ကို ပစ်ခတ်ရာတွင် သူမတူသည့် စွမ်းရည်ရှိလိမ့်မည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။
အမေရိကန်လေယာဉ်တင် သင်္ဘောတပ်ဖွဲ့သည် တစ်ကမ္ဘာလုံး၌ အာဏာချိန်ညှိနိုင်သော အမေရိကန်နိုင်ငံ၏ အဓိကလက်နက်များအဖြစ် ဆယ်စုနှစ်များစွာ ရပ်တည်နေခဲ့သည်။ ၀ါရှင်တန်အခြေစိုက် ဖောင်ဒေးရှင်းမှ အန်ဒရူးအီရတ်ဆန်က ယခု DF-21D ဒုံးကျည်များကို ကြောက်မက်ဖွယ် လက်နက်များဟု သုံးနှုန်းပြီး မခန့်မှန်း နိုင်လောက်အောင် ဖျက်အားပြင်းလိမ့်မည်ဟု ဆိုခဲ့သည်။
တရုတ်နိုင်ငံကို ဦးတည်ပြီး လေယာဉ်တင် သင်္ဘောအုပ်စုများ လာရောက်တပ်ဖြန့်လိုသည့် ဒေသတွင်း ပြိုင်ဘက်များအတွက် DF-21D ဒုံးကျည်များသည် အတားအဆီးတစ်ခု ဖြစ်လာလိမ့်မည်ဟု စင်ကာပူနန်ယန်း တက္ကသိုလ်မှ လေ့လာသူ တစ်ဦးဖြစ်သည့် ဂျိမ်းစ်ချာက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။ ယင်းဒုံးကျည် နည်းပညာသည် မစမ်းသပ်ရသေးသော်လည်း တရုတ်ရေတပ်၏ အရေးပါမှုကို ကြီးထွားလာစေ လိမ့်မည်ဟုလည်း ၎င်းကဆိုခဲ့သည်။
တရုတ်စစ်ရေးပြပွဲကြီးတွင် DF-21D ဒုံးကျည်များသာမက တာဝေးပစ် လက်နက်များကိုလည်း ပြသခဲ့သည်။ “ဒီဒုံးကျည်ကြီးကို ကြည့်ကြပါဦး။ ဒါဟာ ဟာဝိုင်ယီအထိတောင် ရောက်နိုင်ပါတယ်” ဟု တရုတ်နိုင်ငံပိုင် သတင်းဌာနမှ အစီအစဉ် တင်ဆက်သူ တစ်ဦးက ပြောကြားခဲ့သည်။
တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) သည် ကမ်းလွန်ပင်လယ်ရေပိုင်နက် ကာကွယ်ရေးထက် ပင်လယ်ပြင်ကာကွယ်ရေးကို ပိုမိုအာရုံစိုက် လုပ်ဆောင်နေသည်ဟု တရုတ်အစိုးရက မေလတွင် ကြေညာခဲ့သည်။ တစ်ချိန်တည်းမှာပင် တရုတ်လေတပ်သည် ပိုင်နက်ကာကွယ်ရေးမှ ကာကွယ်ရေးနှင့် ထိုးစစ်ဆင်ရေး နှစ်ခုစလုံးကို ပြောင်းလဲအာရုံစိုက်နေသည် ဟုလည်း ကြေညာခဲ့သည်။
“DF-21D ဒုံးကျည်တွေဟာ ကြေညာခဲ့တဲ့အတိုင်း စွမ်းရည်တွေ အမှန်တကယ် ရှိနေမယ်ဆိုရင် အဲဒီဒုံးကျည်တွေဟာ ကစားပွဲရဲ့ အခြေအနေကို ပြောင်းနိုင်မယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး” IHS Jane's  မှဂျွန်ဂရေးဗစ်က ပြောကြားခဲ့သည်။ 

Credit To >>> Eleven Media Group

0 comments:

Post a Comment