ခရီးစဉ်များ ပျံသန်းမှု ရပ်ဆိုင်းထားသည့် Air Bagan လေကြောင်းလိုင်းမှ
၎င်း၏ ခရီးစဉ်များကို အောက်တိုဘာလ ပထမ ရက်သတ္တပတ်တွင် ပြန်လည်
ပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းထံမှ သိရှိရသည်။
ပုံမှန် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေရသည့် ATR 72-500
မှာ စစ်ဆေးပြီးဖြစ်သဖြင့် ခရီးစဉ်များကို ပြန်လည်ပျံသန်းမည် ဖြစ်ပြီး
ထပ်မံ၍ ရန်ကုန်-ချင်းမိုင် ခရီးစဉ်ကိုလည်း တစ်ပတ်လျှင် ၂ ကြိမ်မှ ၃
ကြိမ်အထိ တိုးချဲ့ပျံသန်းမည် ဖြစ်ကြောင်း ပြင်ပ လူမှုဆက်ဆံရေးဌာနမှ
တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“ရပ်ထားတယ်ဆိုတာမျိုး မရှိပါဘူး။ ခရီးစဉ်တွေကို Asia Wings လေကြောင်းလိုင်းနဲ့ Codeshare (ခရီးစဉ်မျှဝေမှု) သွားနေပါတယ်။ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းက ဘယ်လေယာဉ်မဆို စစ်ဆေးရေး အနေနဲ့ ဝင်ရတာဖြစ်တယ်။ Domestic နဲ့ ချင်းမိုင် ခရီးစဉ်တွေကို ပြန်ဆွဲသွားမှာပါ” ဟု ၎င်းက ဆက်လက်ဆိုသည်။
သြဂုတ်လ ၁၆ ရက်နေ့မှ စပြီး Air Bagan အမှတ်တံဆိပ်ဖြင့် ပျံသန်းနေသည့် ခရီးစဉ်အားလုံးကို ခေတ္တရပ်ဆိုင်းခဲ့ပြီး ကြိုတင် အမှာယူထားသည့် ခရီးစဉ်များအတွက် ခရီးစဉ်မျှဝေမှု (Codeshare) ယူထားသည့် Asia Wings လေကြောင်းလိုင်းနှင့် အခြားလေကြောင်းလိုင်း များတွင် ထည့်သွင်း၍ စီစဉ်ပေး ထားခဲ့ကြောင်း Air Bagan မှ ထုတ်ပြန်ထားသည်။
“ပြန်ဆွဲမယ်ဆိုတာတော့ မသိသေးဘူး။ သူတို့ကို ကျွန်တော်တို့ဘက်က ပြေးဆွဲခွင့် ပေးထားတုန်းပါပဲ။ AOC (Air Operator Certificate) ကိုလည်း သိမ်းထားတာ မရှိသေးပါဘူး” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပူးတွဲညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်က ပြောကြားသည်။
လေယာဉ်နှစ်စီးဖြင့် ခရီးစဉ်များကို ပျံသန်းနေသည့် Air Bagan မှာ ဇူလိုင်လ အတွင်းက လေယာဉ်တစ်စီးမှာ ပြေးလမ်းတွင် လမ်းချော်မှုကြောင့် ပြင်ဆင်မှု လုပ်ဆောင်နေခဲ့ရသည်။
Air Bagan လေကြောင်းလိုင်းကို ထူးကုမ္ပဏီအုပ်စုမှ ပိုင်ဆိုင်ထားပြီး ပြည်တွင်းမြို့ကြီး ၂၀ နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ပုံမှန်ခရီးစဉ်များ ပြေးဆွဲပေးခဲ့သည်။
Credit To >>> The Voice News

0 comments:
Post a Comment