ပန်ဆန်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေး စတုတ္ထနေ့တွင် မြန်မာ့တပ်မတော်နှင့် လက်ရှိ တိုက်ပွဲများ ဖြစ်ပွားနေသော အဖွဲ့ သုံးဖွဲ့က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT) မှ နုတ်ထွက်ရန် ဆွေးနွေးတင်ပြခဲ့ပြီး ‘၀’ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ခေါင်းဆောင်များက ပြန်လည်စဉ်းစားရန် တိုက်တွန်းထားကြောင်း သတင်းရရှိသည်။
မေလ ၄ ရက် ပန်ဆန်းထိပ်သီးအစည်းအဝေးစတုတ္ထနေ့တွင် မြန်မာ့တပ်မတော်နှင့် ထိပ်တိုက် ရင်ဆိုင်၍ တိုက်ပွဲများဖြစ်ပွား နေသော ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ ရက္ခိုင့်တပ်မတော်(AA) နှင့် ကိုးကန့်အဖွဲ့တို့က NCCT မှ နုတ်ထွက်ရန် ဆွေးနွေးတင်ပြခဲ့ ခြင်းဖြစ်သည်။ အစည်းအဝေးအပြီးတွင် အထက်ပါအဖွဲ့ သုံးဖွဲ့နှင့် UWSA စစ်သေနာပတိချုပ် ဦးပေါက်ယူချန်တို့ မီဒီယာများ ရှေ့မှောက်တွင် တွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံရာတွင် AA နှင့် PSLF/ TNLA တို့ နှစ်ဖွဲ့ပေါင်း တွေ့ဆုံခဲ့ပြီး ကိုးကန့်အဖွဲ့နှင့်လည်း သီးခြားစီတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
UWSA ဒုစစ်ဦးစီးချုပ် ဦးကျောက်ကြုံးတန်းကAA နှင့် PSLF/TNLA ခေါင်းဆောင်များကို ပြီးခဲ့သည့် မတ်လ ၃၁ ရက်က ပဏာမအဆင့်ချုပ်ဆိုခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်မူကြမ်း (NCA) ချုပ်ဆိုခဲ့ခြင်းအပေါ် ၎င်းတို့အနေဖြင့် ခံစားမှုများရှိကြောင်း ပြောဆိုခဲ့သည်။
‘‘NCCT အဖွဲ့ကနေပြီးတော့ ခင်ဗျားတို့အတွက် မစဉ်းစားဘူး။ ခင်ဗျားတို့ အခြေအနေတွေ ဒီလို ဖြစ်နေတဲ့ ကြားကာလမှာ စာချုပ်ကို ချုပ်ဆိုတော့ ခင်ဗျားတို့ ခံစားမှုတွေရှိတယ်။ ခံစားချက်ရှိလို့ပဲ ဒီအစည်းအဝေးမှာ တင်ပြခဲ့တာ’’ ဟု ဦးကျောက်ကြုံးတန်းကပြောသည်။
အခက်အခဲများကြားမှ NCCT တွင် ပါဝင်ဆွေးနွေးနေသော်လည်း တိုက်ပွဲများ ရပ်တန့်ခြင်းမရှိသောကြောင့် နုတ်ထွက်ရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း PSLF/TNLA ဒုဥက္ကဋ္ဌ တားဂျုတ်ဂျားက ပြောသည်။
‘‘သဘောတူညီချက်မူကြမ်းလုပ်တဲ့အချိန်မှာ ပလောင်ဒေသမှာ တိုက်ပွဲတွေ တော်တော်ပြင်းထန်နေပါတယ်’’ ဟု ၎င်းက UWSP ခေါင်းဆောင်များကို တင်ပြခဲ့သည်။
‘‘ဒါကြောင့် ဒီနေ့အစည်းအဝေးမှာ NCCT ကနေ နုတ်ထွက်ဖို့ တင်ပြရတာဖြစ်ပါတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။
UWSP ခေါင်းဆောင်များကမူ အဆိုပါကိစ္စကို အခြေအနေ ပေးပါက ဆက်လက်ဆွေးနွေးနိုင်ပြီး ပြန်လည်စဉ်းစားရန် အကြံပြု တိုက်တွန်းခဲ့သည်။
Credit to >>> 7Day Daily
Tuesday, May 5, 2015
NCCT မှ နုတ်ထွက်မည်ဆိုသော လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ကို ပြန်စဉ်းစားရန် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ တိုက်တွန်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment