အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့က ၎င်းတို့၏ ခေါင်းဆောင်ထံမှ မိန့်ခွန်းစကားဟု ကြေညာထားသည့် အသံဖိုင်ကို ထုတ်လွှင့်ခဲ့ကြောင်း သတင်းရရှိသည်။
အိုင်အက်စ်ခေါင်းဆောင် ဘူဘေကာ အယ်လ်ဘဂ္ဂဒက်ဒီသည် အမေရိကန် ဦးဆောင်သည့် မဟာမိတ် လေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုတစ်ခုအတွင်း ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြောင်း ခန့်မှန်းသတင်းများ ထွက်ပေါ်လျက်ရှိသလို ပြီးခဲ့သည့် လပိုင်းများအတွင်း ၎င်း၏ လှုပ်ရှားမှုများ ငြိမ်သက်နေခဲ့သည်။
ယခုအသံဖိုင်မှာမူ လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် တစ်ကျော့ပြန် ပေါ်ထွက်လာခြင်းဖြစ်ပြီး ကျွမ်းကျင်သူများကမူ အယ်လ်ဘဂ္ဂဒက်ဒီ၏ အသံ ဟုတ်၊ မဟုတ် ရှင်းရှင်းလင်းလင်း အတည်မပြုနိုင်သေးဟု မှတ်ချက်ပြုထားသည်။
အိုင်အက်စ်ကို ထောက်ခံသည့် အယ်လ်ဖာကန် မီဒီယာဌာနက ဖော်ပြခဲ့သည့် အသံဖိုင်သည် အလွန်ပြတ်သား ကြည်လင်မှုရှိပြီး ၃၃ မိနစ်မျှ ကြာမြင့်သည်။ အယ်လ်ဘဂ္ဂဒက်ဒီဟု ယူဆရသည့် အသံရှင်က မွတ်ဆလင် အဆိုအမိန့် အများအပြားကို ကိုးကားပြီး တစ်ကမ္ဘာလုံးမှ မွတ်ဆလင်များအနေဖြင့် ၎င်းတို့၏ တပ်ဖွဲ့တွင် လာရောက်ပူးပေါင်း တိုက်ပွဲဝင်သင့်ကြောင်း တိုက်တွန်းထားသည်။
ထို့အပြင် ယီမင်တွင် ဆော်ဒီအာရေးဗီးယားက ဟိုသီသူပုန်များကို လေကြောင်းမှ တိုက်ခိုက်နေသည့် ကိစ္စကိုပါ ကိုးကား ပြောဆိုထားရာ အဆိုပါအသံကို သွင်းယူထားသည့် ကာလသည် ခုနစ်ပတ်ထက် ကြာမြင့်မည် မဟုတ်ဟု ယူဆရသည်။ ဆော်ဒီ၏ လေကြောင်း စစ်ဆင်ရေးများကို မတ်လ ၂၆ ရက်က စတင်ခဲ့ခြင်း ဖြစ်သည်။
အယ်လ်ဘဂ္ဂဒက်ဒီဟု ယူဆရသည့် အသံရှင်က “အစ္စလာမ်မစ် နိုင်ငံတော်ကို ရွှေ့ပြောင်းနေထိုင်ဖို့ကို ဘယ်မွတ်ဆလင်မှ ဆင်ခြေပေးပြီး ရှောင်ဖယ်နေဖို့ မဖြစ်ထိုက်ပါဘူး။ ဒါဟာ မွတ်ဆလင်တိုင်းရဲ့ တာဝန်ပါ။ ဒီကို လာချင်လာပါ။ ဒါမှမဟုတ် ကိုယ်နေထိုင်ရာ ဒေသမှာပဲ လက်နက်ဆွဲကိုင် တိုက်ခိုက်ကြပါ”ဟု ဆိုသည်။
၎င်းက ဆက်လက်၍ “အစ္စလာမ်ဟာ ဘယ်တုန်းကမှ ငြိမ်းချမ်းရေးအတွက် ဘာသာတရား မဟုတ်ခဲ့ပါဘူး။ အစ္စလာမ်ဟာ တိုက်ခိုက်ခြင်းရဲ့ ဘာသာတရားပါ။ ကျုပ်တို့ ဆင်နွှဲနေတဲ့ စစ်ပွဲဟာ အိုင်အက်စ်အတွက် သက်သက်လို့ ဘယ်သူမှ မယူဆသင့်ပါဘူး။ ဒီစစ်ပွဲဟာ မွတ်ဆလင် အားလုံးအတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ အိုင်အက်စ်ကတော့ ဒီစစ်ပွဲကို ရှေ့တန်းက ဦးဆောင်တယ်။ ဒီစစ်ပွဲဟာ မွတ်ဆလင်တွေကို ဆန့်ကျင်တဲ့ ဒိဋ္ဌိတွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်”ဟုလည်း ပြောကြားထားသည်။
အိုင်အက်စ် တပ်ဖွဲ့သည် ယမန်နှစ်၊ ဇွန်လအတွင်းက အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေ အမြောက်အမြားကို သိမ်းယူပြီး အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် ထူထောင်ကြောင်း ကြေညာခဲ့သည်။ ထို့နောက်ပိုင်းတွင် ၎င်းတို့ ချုပ်ကိုင်ထားရာ နယ်မြေများအတွင်း အလွန်ရက်စက် ကြမ်းကြုတ်သော နည်းလမ်းများကို အသုံးပြုပြီး အုပ်ချုပ်မှုကြောင့် အိုင်အက်စ်သည် ကမ္ဘာပေါ်တွင် အဆိုးယုတ်ဆုံး အကြမ်းဖက် အဖွဲ့အစည်း တစ်ရပ်အဖြစ် သတ်မှတ်ခြင်း ခံလာရသည်။
Credit to>>>7Day News
Friday, May 15, 2015
အိုင်အက်စ်ခေါင်းဆောင် ပြောကြားထားသည်ဆိုသော အသံဖိုင် ထွက်ပေါ်လာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment