
မန္တလေးတိုင်းဒေသကြီး ရှေးဟောင်းယဉ်ကျေးမှုဇုန် အတွင်းရှိ တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းအနီး ဧရာဝတီမြစ်ကမ်းပါး ပြိုကျမူမှာ မြို့ရိုးနှင့် နီးကပ်လျက်ရှိနေပြီး တဖြည်းဖြည်း ရေတိုက်စား ပြိုကျသွားမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိကြောင်း သိရသည်။
အင်းဝမြို့ဟောင်းနေရာသည် မြစ်ငယ်မြစ် (ခေါ်) ဒုဋ္ဌ၀တီမြစ်နှင့် ဧရာဝတီမြစ်တို့ ဆုံရာအနီးတွင် တည်ရှိပြီး ဒုဋ္ဌ၀တီမြစ်အားပိတ်ကာ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ပြီးသည့် နောက်ပိုင်းတွင် အဆိုပါမြို့ဟောင်းနေရာ၌ ရေတိုက်စား ကမ်းပါးပြိုကျမှုများ တဖြည်းဖြည်း
“အရင်တုန်းကဆိုရင် မြစ်ငယ်မြစ်ရေက ဧရာဝတီမြစ်မကြီးက စီးဝင်တဲ့ရေကို ထောက်ထားနိုင်တဲ့အတွက် ရေးတိုက်စားမှုက အခုလောက် မြန်ဆန်ကြီးမားမှု မရှိဘူး။ အခုမြစ်ငယ်ရေနည်းပြီး ဆုတ်သွားတဲ့အခါကျ ဧရာဝတီမြစ်မကြီးက စီးဝင်လာတဲ့ရေကို ပြန်လည်မတွန်းနိုင်ဘဲ မြစ်မကြီးကနေ ရေကြောင်းက ကမ်းပါးရှိတဲ့ နေရာတွေကို တအားတွန်းဝင်စီးလာတော့ ကမ်းပါးတွေ အရမ်းပြိုကျလာတယ်” ဟု အင်းဝမြို့ဟောင်း တောင်တော်ဆိပ်ရပ်ကွက်မှ ဦးငြိမ်က ပြောကြားသည်။
ယင်းကဲ့သို့ ကမ်းပါးပြိုကျမှု တဖြည်းဖြည်း မြန်ဆန်လာမှုကြောင့် ယခင်က အင်းဝမြို့ရိုးနှင့် ဧရာဝတီမြစ်ရေကြောင်းမှာ ပေ ၅၀၀ အကျယ်အ၀န်း ရှိခဲ့ရာမှ ယခုအခါ ပေ ၁၀၀ ၀န်းကျင်သာ ကျန်ရှိတော့ကြောင်း သိရသည်။
“မြစ်ကြောင်းနဲ့ မြို့ရိုးကြားမှာ အရင်က ယာကွက်တွေ အကျယ်ကြီး ရှိခဲ့တာ။ အခု စိုက်ခင်းတွေ အကုန်ပါသွားတယ်။ တစ်နှစ်ကို ၀ါးလေးပြန်လောက် ပြိုကျနေတာ။ အခုဆိုရင် မြို့ရိုးနံဘေးက လမ်းနားကို ကပ်နေပြီ။ နောက်ထပ် ၀ါးသုံးလေးပြန်စာလောက် ထပ်ပြိုရင် မြို့ရိုးကြီးကို ထိခိုက်တော့မှာ။ ဒီနှစ်မှ ထိန်းသိမ်းပြုပြင်မှုတွေ မလုပ်နိုင်ဘူးဆိုရင် နောက်နှစ်မှာ မြို့ရိုးပါသွားနိုင်ပါတယ်” ဟု မြို့ရိုးအနီးရှိ ယာကွက်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။
ယင်းကဲ့သို့ ရေတိုက်စား ကမ်းပါးပြိုကျမှုများအား ထိန်းသိမ်းနိုင်ရန် အလှူရှင်တစ်ဦးက စိုက်ထုတ်ကာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နည်းပညာပံ့ပိုးမှုဖြင့် ရေလွှဲလက်တံငါးခုကို မြစ်အထက်အောက် ပေ ၂၅၀၀ အတွင်း အချိုးချကာ ကမ်းခြေမှမြစ်အတွင်းသို့ ပေ ၃၀ ရှည်လျားသော ကျောက်ကာရေလွှဲများ ပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
-အင်းဝမြို့ဟောင်း တောင်တော်ဆိပ်ရပ်ကွက် အနီးတွင် ကမ်းပါးပြိုကျနေမှုအား တွေ့ရစဉ်
Eleven Media Group
0 comments:
Post a Comment