မြန်မာနိုင်ငံတွင် တီဘီ ကူးရောဂါကူးစက်နှုန်းသည် တစ်နှစ်လျှင် လူတစ်သိန်း တွင် ၂၀၀ မှ ၃၀၀ အထိ (၅၀ ရာခိုင်နှုန်းကျော်) တိုးပြီး ရောဂါ ကူးစက်နှုန်းမြင့်တက် လာကြောင်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကျင်းပခဲ့သည့် တီဘီရောဂါ အကြောင်းဟောပြောပွဲတွင် ရန်ကုန်ပြည်သူ့ဆေး ရုံကြီး အဆုတ်နှင့်ရင်ခေါင်းဌာနမှ အထူးကုသမားတော်ကြီး ပါမောက္ခ ဦးဝင်းနိုင်က ကျန်းမာရေးဝန်ကြီးဌာန မှလေ့လာတွေ့ရှိချက်များကို ကိုးကား ပြောကြားခဲ့သည်။
တီဘီရောဂါ ယခုကဲ့သို့ ကူစက်နှုန်း မြင့်ရခြင်းမှာ တိုင်းပြည်ဆင်းရဲခြင်း နှင့် လူအများ ရောဂါနှင့် ပတ်သက်သည့် ဗဟုသုတနည်းခြင်း ၊ တီဘီရောဂါ ဆေးကုသမှု နောက်ကျခြင်း၊လေထဲမှ တဆင့် ကူးစက်နှုန်း ပြန့်ပွားနှုန်းများနေခြင်း၊ ရောဂါ ထိန်းချုပ်မှု အားနည်းခြင်း၊ ကျန်းမာရေး ၀န်ထမ်းများ အားနည်းနေခြင်းနှင့် ဆေးမတိုးတော့သည့် တီဘီရောဂါပိုးများတွေ့ရှိလာ ရခြင်းကြောင့် ဖြစ်ကြောင်း ၎င်း၏ ဟောပြောပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
"တီဘီဆေးတွေ အလကားရနေပေမယ့်လည်း လူတွေက ဆေးရဲ့ဘေးထွက် ဆိုးကျိုးတွေကို ကြောက်ပြီး ဆေးကိုပုံမှန် မသောက်ကြလို့ရောဂါ မပျောက်ကြဘူး၊နောက်ပြီးတော့ ဆေးကွက် ထဲမှာ အလွတ်ရောင်းနေ တယ် ပိုးသတ်ဆေးအချို့ကို တွေကို အလွယ်တကူ ၀ယ်သော က်ကြတော့ တီဘီရောဂါ ကုတဲ့အခါမှ ဆေးမတိုးတော့တာတွေ ဖြစ်စေတဲ့ အပြင်၊ တီဘီရောဂါ အဆင့် ၄ ရောက်ရင် ကုသဖို့ ဆေးက အရမ်းဈေးကြီးတဲ့ အတွက်ဆေးရှားပါတယ် "ဟု ပါမောက္ခ ဦးဝင်းနိုင်မှ ပြောသည်။
မြန်မာနိုင်ငံက ကမ္ဘာမှာ တီဘီရောဂါ ဖြစ်ပွားမှု အဆိုးဝါးဆုံးနိုင်ငံ၂၇ နိုင်ငံထဲတွင် ပါဝင်နေပြီး၊ တစ်နှစ်ကို လူနာအသစ် ၁၀၀ တွင် ၄ ဦးသည် ဆေးယဉ်ပါးတီဘီပိုး တွေ့ရှိနေရပြီး၊ ရောဂါဖြစ်ဘူး သူ လူနာအဟောင်း ၁၀ ဦးတွင် တစ်ဦးသည် ဆေးယဉ်ပါးတီဘီပိုး တွေ့ရှိနေရကြောင်း ၎င်းက ပြောသည်။
ရွှေရည်စောမြင့်
မြန်မာတိုင်း(မ်)
0 comments:
Post a Comment