Thursday, February 20, 2014

မာတာကို ယူနိုက်တက်ထံ ရောင်းထုတ်ခဲ့သည့် မော်ရင်ဟိုကို ဘင်နီတက်ဇ်ဝေဖန်


ချယ်လ်ဆီး အသင်း၏ အကောင်းဆုံး ကစားသမားကို ပြိုင်ဘက်ထံ ရောင်းထုတ်ခဲ့သည့် အတွက် ဟိုဆေးမော်ရင်ဟိုအပေါ် မိမိ အနေဖြင့် နားမလည်နိုင် ဖြစ်မိကြောင်း ရာဖာဘင်နီတက်ဇ်က ဝေဖန်ပြောကြားလိုက်သည်။

ချယ်လ်ဆီးကို ပြီးခဲ့သည့် ရာသီက ယာယီမန်နေဂျာအဖြစ် တာဝန်ယူခဲ့ပြီး တစ်နိုင်ငံတည်းသား ဟွမ်မာတာနှင့် အတွဲညီညီ ဖြတ်သန်းကာ ယူရိုပါလိဂ်ဖလား ရယူပေးခဲ့သည့် စပိန်သား မန်နေဂျာ ဘင်နီတက်ဇ်က လက်ရှိ ချယ်လ်ဆီး မန်နေဂျာ၏ လုပ်ရပ်သည် အဆီအငေါ် မတည့်လှကြောင်း ပြစ်တင်ခဲ့သည်။ ချယ်လ်ဆီး၏ အကောင်းဆုံး
ဘောလုံး သမားဆုကို (၂)ရာသီဆက်တိုက် ရရှိထားသည့် မာတာသည် မော်ရင်ဟို၏ ကစားကွက်တွင် အံမဝင်ဘဲ အရန်ခုံတွင်သာ အထိုင်များနေသည့်နောက် ဇန်နဝါရီ ဈေးကွက်တွင် မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့ခဲ့သည်။ အဆိုပါ အပြောင်းအရွှေ့တွင် ချယ်လ်ဆီးဘက်က လိုလိုလားလားဖြင့်ပင် ခါးသီးပြိုင်ဘက်ထံသို့ မာတာကို လက်လွှဲပေးခဲ့ခြင်းဖြစ်ရာ လက်ရှိနာပိုလီနည်းပြအဖြစ် တာဝန်ယူနေသော ဘင်နီတက်ဇ်က နားမလည်နိုင်အောင် ရှိနေခြင်းဖြစ်သည်။

"လက်ရှိ အချိန်မှာတော့ ကျွန်တော် ချယ်လ်ဆီးအကြောင်း ပြောနေစရာ မလိုဘူး။ ဒါပေမဲ့ မာတာအကြောင်းတော့ ပြောချင်တယ်။ သူဟာ ချယ်လ်ဆီးရဲ့ အကောင်းဆုံး ကစားသမားအဖြစ် (၂)နှစ်ဆက်တိုက် ရပ်တည်ခဲ့သူပါ။ ဒါက အဓိက အချက်လေ။ ဒါကို လူတိုင်းသတိပြုသင့်တယ်။ မော်ရင်ဟို ဘာလုပ်လိုက်တယ် ဆိုတာကိုတော့ ကျွန်တော် အသေးစိတ် သရုပ်ခွဲပြမနေချင်ဘူး"ဟု ဘင်နီတက်ဇ်က ဆိုသည်။ ၎င်းက ပြီးခဲ့သည့်ရာသီတွင် Capital One အကြိုဗိုလ်လုပွဲ၌ ဆွမ်ဆီးစီးတီး အသင်းမှ ဘောကောက်လူငယ်လေးကို ကန်ကျောက်သဖြင့် (၃)ပွဲပယ်ခံရသည့် ချယ်လ်ဆီး တောင်ပံလူ အီဒင်ဟာဇက်ကိုလည်း အခိုင်အမာ ကာကွယ်စကား ပြောခဲ့သေးသည်။

ဘင်နီတက်ဇ်က "အဲဒီတုန်းက ဟာဇက်ဟာ ဘောလုံးကို လှမ်းကန်တာပါ။ ကောင်လေးကို လုံးဝ ရည်ရွယ်ခဲ့တာ မရှိပါဘူး"ဟု မှတ်ချက်ပြု သွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment