Wednesday, February 5, 2014

လွှတ်တော်ခွင့်ပြုချက်ဖြင့် ဘူးသီးတောင်အမတ် ဦးရွှေမောင်ကို ပြည်ထဲရေး စစ်ဆေးနေ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၄ ရက် တွင် နေပြည်တော်ရှိ ပါတီရုံးချုပ်၌ စစ်ဆေးခဲ့ သည်ဟု ကာယကံရှင်က မဇ္ဈိမကို အတည်ပြုသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့ ဒုချီးရားတန်းအနောက်ရွာ မီးလောင်မှုနှင့်ပတ်သက်၍ ဒီမိုကရက်တစ် မြန် မာ့အသံနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်း၏မှတ်ချက်များသည် နိုင်ငံတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည်ဟု ခေါ်ယူစစ်ဆေးနိုင်ရန် သမ္မတက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ သ၀ဏ်လွှာပေးပို့ခဲ့သည်။ ထို့ကြောင့် ဖေဖော်ဝါရီ ၃ ရက်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှစ်ကြိမ်တိုင် ခေါ်ယူတွေ့ဆုံခဲ့ပြီး နောက်တစ်ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာနက လာရောက်စစ်ဆေးခဲ့သည်။

“စုံစမ်းစစ်ဆေး ဖော်ထုတ်နေဆဲဖြစ်လို့ ဘာမှပြောလို့ မရသေးပါဘူး၊ လွှတ်တော်ဥက္ကဋ္ဌရဲ့ သဘောတူညီ ချက်နဲ့ စစ်ဆေးတာပါ”ဟု သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။ ကာယကံရှင်က မူ စုံစမ်းစစ်ဆေးမှုမတိုင်မီ ၎င်း၏ Twitter စာမျက်နှာ၌ နိုင်ငံတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာ ကျဆင်းရန် မပြုလုပ်ခဲ့ဟု ရေးသားထား သည်ဟု ပြောသည်။

“ကျွန်တော်ဟာ ဘယ်တော့မှ နိုင်ငံတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင် မလုပ် ပါဘူး”ဟု ဦးရွှေမောင်က ဆိုသည်။ အသေးစိတ်ကိုမူ ကာယကံရှင်က ထုတ်ဖော်ပြောဆိုလိုခြင်းမရှိဟု ပြောသည်။

“ရဲက ထိန်းချုပ်ထားတဲ့အတွက် အပြင်လူဝင်နိုင်စရာအကြောင်း မရှိဘူး။ အပြင်လူဝင်လာပြီးမှ ရှို့တယ် ဆိုရင်လည်း ဒါကို ရဲက မိမှာပဲ။ နောက်တစ်ချက်က အဲ့ဒီအနီးပတ်ဝန်းကျင်ရွာက လူတွေက ကျွန်တော့် ကို သေချာတိကျခိုင်မာစွာ သတင်းပို့တာကတော့ အဲ့ဒီရဲတွေ ကိုယ်တိုင်ပဲ ရှို့ခဲ့တာကို သူတို့မြင်တယ်။ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ သူတို့ကိုယ်တိုင် မရှို့တောင်မှ သူတို့ရဲ့ပေါ့ဆမှု၊ မဟုတ်ရင် သူတို့ တွေက ပူးပေါင်းဆောင်ရွက်မှု၊ မဟုတ်ရင်လည်း တခြားရွာအပြင်ကနေ လာတဲ့သူတွေကိုလည်း သူတို့ ကမသိ သလိုနေပြီးတော့ မီးရှို့မှုတွေဖြစ်ပွားပြီးတော့ ပြဿနာကို ရှုပ်သထက်ရှုပ်ထွေးအောင် ဖန်တီးတာ ပဲလို့ ကျွန်တော် အဲ့ဒီလိုပဲပြောချင်တယ်”ဟု ဇန်န၀ါရီ၂၉ ရက်တွင် ဒီမိုကရက်တစ်မြန်မာ့အသံနှင့် ပြုလုပ် သည့် တွေ့ဆုံမေးမြန်းမှုတွင် ဦးရွှေမောင်က ပြောခဲ့ သည်။

ကာယကံရှင်ကမူ အဆိုပါသတင်းဖော်ပြမှုတွင် ၎င်း၏ ပြောကြားချက် အစုံအလင် ထည့်သွင်း ထားခြင်း မရှိဟု ပြောသည်။ ရခိုင်ပြည်နယ် မောင်တောမြို့ ဒုချီးရားတန်း အလယ်ရွာအနီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲ တပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးပြီးနောက် ဖြစ်ပွားခဲ့သည့် မီးလောင် ကျွမ်းမှုကို ဦးရွှေမောင်က ပြောခဲ့ခြင်း ဖြစ်သည်။

Mizzima

0 comments:

Post a Comment