မြန်မာနိုင်ငံ ခရီးသွား ကဏ္ဍဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ ကမ္ဘာလှည့် ခရီးသွားဝင် ရောက်ရာ တွင် မိမိအစီအစဉ်ဖြင့် ဝင်ရောက်လာသော ခရီးသွားဦးရေ မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
အဆိုပါ ခရီးသွားများ ဝင်ရောက်လာခြင်းကြောင့် ၎င်းတို့ကို ဦးတည် ဖွင့်လှစ်ထားသော ဟိုတယ်အသေး စားများ၊ မော်တော်ယာဉ် အငှားကုမ္ပဏီများ အစရှိသဖြင့် ဝန်ဆောင်မှု လုပ်ငန်းများ အလုပ်ဖြစ်လျက်ရှိနေကြောင်း၊ ယင်းအတွက် ခရီးသွား လုပ်ငန်းများ အနေဖြင့် ပူးပေါင်းလုပ်ကိုင်ကြပါက ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း၊ မိမိအစီအစဉ်ဖြင့် လာရောက်သော ခရီးသွားများ တိုးတက်လာသည့်နည်းတူ ကုမ္ပဏီများနှင့် ချိတ်ဆက် လာရောက်သော ခရီးသွား များမှာ လည်း လျော့ကျ သွားမှုမရှိကြောင်း သိရသည်။
''လာရောက်ကြတဲ့ ခရီးသွားတွေထဲမှာ ၆ဝ ရာခိုင်နှုန်းလောက်က မိမိအစီအစဉ်နဲ့ လာကြတာ များတယ်။ ဒီအတွက် ကြိုတင်ပြင်ဆင် ပေးရတာမရှိဘူး။ ဒီရောက်မှ ဟိုတယ်အခန်းငှား၊ မော်တော် ယာဉ်ငှားပေါ့။ ဒီလို ဝန်ဆောင် မှုပေးတဲ့ လုပ်ငန်းတွေ အဖို့လည်း အလုပ်ဖြစ်လာ ကြတယ်'' ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ လက်ရှိတွင် မိမိအစီအစဉ်ဖြင့် လာရောက်သော ခရီးသွား (FTI) ဝင်ရောက်မှု များပြားလာချိန်တွင် Package Tour အနည်းငယ် ကျဆင်း သွားကြောင်း၊ သို့သော်လည်း ခရီးသွားလုပ်ငန်း ကုမ္ပဏီများမှာ တစ်စတစ်စ တိုးတက်လာနေကြောင်း သိရသည်။ ယင်းအတွက် ပြီးခဲ့သည့်နှစ်က ခရီးသွားလုပ်ငန်း ကုမ္ပဏီလိုင်စင် ၁၃၅ဝ အထိ ချထားပေးခဲ့ကြောင်း၊ ခရီးသွားလုပ်ငန်း ကုမ္ပဏီ တိုးတက်မှုနှင့်အတူ ခရီးသွားလုပ်ငန်းများ တိုးချဲ့ရန် လိုအပ် လာကြောင်း သိရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ ကုမ္ပဏီများနှင့် ချိတ်ဆက်ကာ လာရောက်သည့် ခရီးသွား ဝင်ရောက်မှုကိုကြည့်လျှင် ၂ဝ၁ဝ ပြည့်နှစ်တွင် ၈၇၉၃၂ ဦး၊ ၂ဝ၁၁ ခုနှစ်တွင် ၁ဝ၃၅၉ဝ ဦး၊ ၂ဝ၁၂ ခုနှစ်တွင် ၁၃၁၁၁၅ ဦး၊ ၂ဝ၁၃ ခုနှစ်တွင် ၁၄၈၅၅၇ ဦးရှိပြီး မိမိအစီအစဉ်ဖြင့် လာရောက်သော ခရီးသွားဦးရေကို ကြည့်ပါက ၂ဝ၁ဝ ပြည့်နှစ်တွင် ၁ဝ၉၂၂၂ ဦး၊ ၂ဝ၁၁ ခုနှစ်တွင် ၁၃၄၉၅၆ ဦး၊ ၂ဝ၁၂ ခုနှစ်တွင် ၂၃၂၇၁၅ ဦးနှင့် ၂ဝ၁၃ ခုနှစ်တွင် ၂၉၄၂၁၈ ဦးရှိခဲ့ရာ ကုမ္ပဏီများနှင့် ချိတ်ဆက်ကာ လာရောက်သော ခရီးသွား ဦးရေ၏ ထက်ဝက်ခန့်ထက် ပိုမိုများပြား နေကြောင်း သိရသည်။
မြ၀တီ
0 comments:
Post a Comment