Thursday, February 20, 2014

ဧရာဝတီမြစ် ရေကြောင်းခရီးစဉ် ပြေးဆွဲနေသည့် ရေယာဉ်များအတွက် အန္တရာယ်ဖြစ်စေသော ရေအောက်ကျောက်တန်းများအား ဖြိုဖျက်ရှင်းလင်း


မန္တလေး-ရန်ကုန် ရေကြောင်းခရီးစဉ်အတွင်း ပြေးဆွဲနေသည့် ရေယာဉ်များအတွက် အန္တရာယ်ဖြစ်စေသော ရေအောက်ကျောက်တန်းများအား ဖြိုဖျက်ရှင်းလင်းလျက် ရှိကြောင်း သိရသည်။

နှစ်စဉ်ရေနည်းချိန်ကာလများတွင် ဧရာဝတီမြစ်အတွင်းမှ မန္တလေး-ရန်ကုန် ပြေးဆွဲနေသည့် ရေယာဉ်များ အန္တရာယ်မရှိ ပြေးဆွဲနိုင်ရန် စစ်ကိုင်းတံတားအောက်ဘက် တံတားဦးမြို့နယ် တောင်တော်ကျေးရွာရှိ တောင်တော်ရေအောက်ကျောက်တန်းအား ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မန္တလေးကုန်တင်ရေယာဉ်ပိုင်ရှင်များအသင်းတို့
ပူးပေါင်းကာ ဖြိုဖျက်ရှင်းလင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဒီကျောက်ဆောင်နေရာက အရင်တုန်းကဆိုရင် အခုလို ရေနည်းရာသီမှာ ရေစူး လေးပေ၊ လေးပေခွဲလောက်ပဲ ရှိတဲ့အတွက် ရေယာဉ်တွေအတွက် သွားလာရတာ အရမ်းအခက်အခဲဖြစ်တယ်။ ကျောက်ဆောင်နဲ့ တိုက်မိပြီး သင်္ဘောတွေ မြုပ်တာ၊ ၀မ်းဗိုက်ပေါက်ကွဲတာတွေ မကြာခဏဖြစ်လေ့ရှိတယ်။ အခုကျောက်ဆောင်တွေကို ပေ ၇၀ လောက် ဖြိုဖျက်ပြီးသွားပြီဆိုတော့ ရေယာဉ်တွေအတွက် အရင်ကလောက် သွားရတာ အခက်အခဲ မရှိတော့ပါဘူး။
အန္တရယ်ကင်းကင်း သွားလာနိုင်ဖို့အထိ ဖြိုဖျက်မှုလုပ်ငန်းတွေ ဆောင်ရွက်သွားမှာပါ”ဟု မန္တလေးကုန်တင်ရေယာဉ်ပိုင်ရှင်များအသင်းမှ အတွင်းရေးမှူး ဦးမြအောင်က ပြောကြားသည်။

ဘူမိဗေဒပါချုပ်အငြိမ်းစားတစ်ဦး၏ အဆိုအရ တောင်တော်ကျေးရွာရှိ တောင်တော်ရေအောက် ကျောက်တန်းများမှာ အနည်ကျကျောက်နှင့် အသွင်ပြောင်းကျောက် အမျိုးအစားများဖြစ်ပြီး စစ်ကိုင်းတောင်ရိုးနှင့် အင်းဝမြို့ဟောင်းအကြား ဧရာဝတီမြစ်ပြင်ကို ဖြတ်ကာ ရေအောက်ကျောက်တန်းအဖြစ်ဖြင့် တည်လျက်ရှိကြောင်း သိရသည်။

“ရေမြုပ်ကျောက်တန်းဖြစ်တာကြောင့် ကျောက်တန်းအရွယ်အစားပမာဏကို တိတိကျကျ မသိရပါဘူး။ ဖြိုဖျက်တဲ့အပိုင်းမှာလည်း ကျောက်တန်းတစ်ခုလုံး ဖယ်ရှားသွားမှာ မဟုတ်ဘဲ ရေယာဉ်တွေ သွားလာတဲ့အခါမှာ အန္တရာယ်မဖြစ်အောင်အထိလောက်ပဲ ကျောက်တွေနုတ်ယူပြီး ဖြိုဖျက်သွားမှာပါ။ အန္တရာယ်ကင်းရှင်းတဲ့ အတိုင်းအတာထိရောက်ရင် လုပ်ငန်းပြီးဆုံးပါပြီ”ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မန္တလေးမှ ရန်ကုန် အစုန်ရေနည်းချိန်တွင် တွေ့ရသော ရေအောက်ကျောက်ပုံ၊ ကျောက်တန်းများမှာ မီးသွေးတိုက်ကျောက်တန်း၊ ငါးရာပြားနှင့် ရွာသစ်ကြီးကြား ကမ်းပါးနီကျောက်တန်း၊ ရွာသစ်ကြီးနှင့် မြင်းမူကြားကျောက်တန်း၊ ကျောက်ပုံများနှင့် ရန္တာပိုအထက် နဂါးပေါက်နှင့် မြေတော်ရွာအကြား ပန်ညိုရွာရှိ ကျောက်တန်းများဖြစ်ပြီး ယခုဖြိုဖျက်လျက်ရှိသော တောင်တော်ရေအောက်ကျောက်တန်းမှာ ရေယာဉ်များအတွက် အန္တရာယ်အများဆုံး ကြုံတွေ့ရလေ့ရှိသော ကျောက်တန်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတံတားအနီး ဧရာဝတီမြစ်အတွင်းမှ ရေအောက်ကျောက်တန်းများအား ဖြိုဖျက်ဆယ်ယူနေစဉ်

Eleven Media Group

0 comments:

Post a Comment