Tuesday, February 18, 2014

ခရီးသည်တင် ယာဉ်လိုင်းများ ဂိတ်ဝန်းကျင်၌ အရက်ဆိုင်နှင့် ဘီယာဆိုင် ခွင့်ပြုခြင်းကြောင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ရှိလာနိုင်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင်ယာဉ် လိုင်းများ၊ ဂိတ်ထိုးရပ်နားထားသော ဂိတ်များ အနီးတွင် အရက်ဆိုင်၊ ဘီယာဆိုင် တည်ရှိနေသဖြင့် ယာဉ်မောင်းအချို့မှာ မိမိအလှည့်မရောက်ခင် ယင်းဆိုင်များ၌ ဇရက်မင်းစည်းစိမ် ယစ်မူးနေကြသောကြောင့် ခရီးသည်များ ရင်တမမနှင့် သံဗုဒ္ဓေ ဂါထာရွတ်၍ စီးနင်း နေရကြောင်း ခရီးသွားပြည်သူများပြောဆိုနေမှုကို ကြားသိရသည်။

"အခုရက်ပိုင်းအတွင်း အအေးဓာတ်ပိုကဲလာတာကို အကြောင်းပြုပြီး အနီးနားမှာဖွင့်ထားတဲ့ အရက်ဆိုင်၊ ဘီယာဆိုင်တွေမှာ ယာဉ်လိုင်းအချို့က ယာဉ်မောင်းတွေ ဇရက်မင်းစည်းစိမ် ခံစားနေ ကြတယ်။ မောင်း ရင်မမူးနဲ့၊ မူးရင်မမောင်းနဲ့ဆိုတဲ့ စကားကို အလေးမထားကြဘူး။ မူးပြီးမောင်းနေကြတော့ ခရီးသည်တွေက လိုရာခရီးကိုမရောက်ခင် အထိ စိုးရိမ်စိတ်နဲ့ သံဗုဒ္ဓေဂါထာကို ရွတ်နေရတာပေါ့" ဟု ခရီးသည်တစ်ဦးက ပြောဆိုသည်။

အလားတူ အချို့သောယာဉ်လိုင်းအချို့မှ ယာဉ်နောက်လိုက်အကူတို့မှာ ယာဉ်မောင်းနှင့် ပုလင်းတူ ဘူးဆို့များဖြစ်ကြသဖြင့် သတ်မှတ်ယာဉ်စီးခထက်ပိုမို တောင်းယူသောကြောင့် ကျောင်းသားကျောင်းသူများ၊ ရုံးဝန်ထမ်းများ၊ ခရီးသည်များမှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ကြုံတွေ့နေရသည်။ ထို့ကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်း၊ ဌာနများမှ ခရီးသည်တင် မော်တော်ယာဉ်များကို စည်းကမ်းထိန်းသိမ်း နိုင်ရန် ခရီး သည်အသွင်ဆောင်၍ ကွင်းဆင်းကြပ်မတ် အရေးယူ သင့်ကြောင့် ခရီးသည်များက လိုလားနေကြသည်။

"လိုင်းကားတွေအကြောင်းကို ပြောရရင် ပြောမဆုံးပေါင် တောသုံးတောင်ပဲဗျ။ ပိုဆိုးတာက အချို့လိုင်း ကားတွေ ခရီးစဉ်အစအဆုံး မပြေးဆွဲဘူး။ ဟိုတုန်းက ဓာတ်ဆီဈေးနှုန်းကြီးမြင့်တာကို အခွင့်ကောင်း ယူပြီး အောက်ဆိုက်ကားတွေ ပြေးဆွဲနေကြတာ နားလည်ပေးလို့ရပေမယ့် အခု CNG ကားတွေ ဖြစ်နေတာတောင် အောက်ဆိုက်ကားတွေဖြစ်နေတော့ ဘယ်လို နားလည်ရမှန်း မသိတော့ဘူး။ (မ-ထ-သ) က စည်းကမ်းထိန်းသိမ်းအရေးယူနေ ပေမယ့် လိုင်းကားတွေက ထိန်းမနိုင်သိမ်းမရ ဖြစ် ကုန်ပြီ" ဟု ခရီးသည်တစ်ဦးက ပြောဆိုသည်။

ယခုအခါ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ မြို့နယ် အသီးသီး၌ အရက်ဆိုင်၊ ဘီယာဆိုင်များ ယခင်ကထက် ပိုများလာသကဲ့သို့ ခရီးသည်တင်လိုင်းကားများ ဂိတ်ထိုးရပ်နားသည့် ကားဂိတ်များတွင်လည်း အရက်ဆိုင်နှင့် ဘီယာဆိုင်များ မှိုလိုပေါက်မြင်တွေ့ နေရသဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် မတော်တဆမှုများ မဖြစ်ပေါ်စေရန် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများမှ လုပ်ငန်းလိုင်စင်များခွင့်ပြု ရာတွင် ခရီးသည်တင် လိုင်းကားများ ဂိတ်ထိုးရပ်နားသည့် အနီးနားဝန်းကျင်၌ ခွင့်မပြုရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

MOI Webportal Myanmar

0 comments:

Post a Comment