
ပင်လယ်နီတွင် ငါးမျိုးစိတ်ပေါင်း (၁၂၀၀)ကျော် မှီတင်းနေထိုင်လျှက်ရှိပြီး ယင်းတို့အနက် (၁၀)ရာခိုင်နှုန်းမျှသည် ကမ္ဘာပေါ်ရှိ အခြားမည်သည့် နေရာတွင်မျှ မတွေ့နိုင်သော ပင်လယ်နီ ဂေဟစနစ်နှင့် သီးသန့်လျော်ညီသည့် မျိုးနွယ်များ ဖြစ်သည်

အီဂျစ်ကမ်းလွန်ရှိ ပင်လယ်နီ ရေအောက် ကြမ်းပြင်တွင်ဖြစ်သည်။ မှောင်မည်း အေးစက်နေသော ပတ်ဝန်းကျင်တွင် အန်ဒရီနက်ရာဆို အနေဖြင့် ကင်မရာ တစ်လုံးဖြင့် အလုပ်များနေသည်။ ၎င်းသည် ထူးခြားသော အဏ္ဏဝါ ရှုခင်းများကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ရန် ကြိုးစားနေခြင်းလည်း ဖြစ်သည်။ ပင်လယ်နီတွင် ငါးမျိုးစိတ်ပေါင်း (၁၂၀၀)ကျော် မှီတင်းနေထိုင်လျှက်ရှိပြီး ယင်းတို့အနက် (၁၀)ရာခိုင်နှုန်းမျှသည် ကမ္ဘာပေါ်ရှိ အခြားမည်သည့် နေရာတွင်မျှ မတွေ့နိုင်သော ပင်လယ်နီ ဂေဟစနစ်နှင့် သီးသန့်လျော်ညီသည့် မျိုးနွယ်များ ဖြစ်သည်။ ယူကရိန်းနိုင်ငံသား နက်ရာဆိုအတွက် ပင်လယ်နီသည် လျှို့ဝှက်သော၊ အသိခက်သော၊ လှပသော နေရာတစ်ခုအဖြစ် ထာဝရ ဆွဲဆောင်လျှက်ရှိသည်။ ၎င်းသည် နောက်ခံ အမှောင်ထုကို သဘာဝအတိုင်း ထားရှိပြီး ပင်လယ်နေ သက်ရှိများကိုသာ ထင်ထင်ရှားရှား ပေါ်လွင်အောင် အလင်းရောင်ပေးပြီး ဓာတ်ပုံကောင်းများ စုစည်းရိုက်ကူးခဲ့သည်။
"ပင်လယ်ရေအောက်မှာ ညဘက်အမှောင်ထုကြီး ကြီးစိုးနေတယ် ဆိုတာက ကြောက်စရာကောင်းတယ်လို့တော့ ကျွန်တော်မထင်ဘူး။ အရမ်းတိတ်ဆိတ်တယ်။ ငြိမ်းချမ်းတယ်။ ပြီးတော့ အသိခက်လွန်းတယ်လေ"ဟု နက်ရာဆိုက မှတ်ချက်ပြုခဲ့သည်။ "ကျွန်တော် ရေကူးသွားတဲ့အခါ လှုပ်ရှားသွားတဲ့ ပူစီဖောင်းလေးတွေဆီက အသံကိုပဲ ကျွန်တော်ကြားရတယ်။ ပတ်ဝန်းကျင်မှာလည်း ကျွန်တော့်ဓာတ်မီးဆီက အလင်းရောင်ကလွဲရင် အရာအားလုံး မှောင်အတိပဲ"ဟု ၎င်းက ရေအောက်အတွေ့အကြုံကို ရှင်းပြခဲ့သည်။ မှောင်မည်းတိတ်ဆိတ်နေသော ရေအောက်ရပ်ဝန်းသည် နက်ရာဆိုအတွက်မူ သီးခြားကမ္ဘာငယ်လေး တစ်ခုသဖွယ် တည်ရှိနေသည်။
ပင်လယ်နီသည် သဘာဝ သန္တာကျောက်တန်းများစွာ ကြွယ်ကြွယ်ဝဝ ရှိနေပြီး ကြည်လင်လှပသော ရေပြင်တွင် အပျော်တမ်း ဒိုင်ဗင်ထိုးသူ ထောင်ပေါင်းများစွာတို့ကို ဆွဲဆောင်နေသည့် ရေပြင်လည်း ဖြစ်သည်။ "တစ်ခါတစ်လေ ခင်ဗျားအနေနဲ့ နေဝင်ခါနီးလောက်မှာ ရေငုပ်လိုက်ရင် တချို့ရေသတ္တဝါတွေ ညအိပ်ဖို့ နေရာယူ ပြင်ဆင်နေတာကိုတောင် တွေ့နိုင်လိမ့်မယ်။ တချို့ကတော့ ညပိုင်းမှာ အမဲလိုက်ဖို့ အသင့်ဖြစ်လာပြီ။ သန္တာကျောက်တန်းတွေပေါ်မှာ တွားသွားပြီး တက်လာတဲ့ အကောင်ပလောင်လေးတွေ ပိုများလာတယ်။ ကျောရိုးမဲ့ သက်ရှိလေးတွေပေါ့။ မနက်ပိုင်းမှာ ငါးတွေက သူတို့ကို စားသောက်တာကြောင့် ကျောက်တန်းတွေကြားမှာ ပုန်းနေပြီး ညဘက်ကျမှ ပြန်ထွက်လာကြတာပါ"ဟု နက်ရာဆိုက ရှင်းပြသွားသည်။
Planet Myanmar Network
0 comments:
Post a Comment