ပရဟိတလုပ်ငန်းဟူသည် လူသားအကျိုးပြု၊ လူသားချင်းစာနာမှုဖြင့်သာ ဆောင်ရွက်နိုင်သည့် လုပ်ငန်း မျိုးပင်ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲဒုက္ခခံစားနေကြသူများ၊ မိဘမဲ့ကလေးများ၊ ခိုကိုးရာ မဲ့ဘ၀များနှင့် လေလွင့်နေကြသည့် ဘ၀များစွာအတွက် လူသားချင်းစာနာမှုအပြည့်ဖြင့် ၀ိုင်းဝန်းကူညီကြ သည်မှာ မင်္ဂလာရှိလာ သည့်ကောင်းမြတ်သော အလုပ်တစ်ခုပင်ဖြစ်သည်။ ထိုသို့ ပရဟိတလုပ်ငန်းများ ကို အားတက်သရော ပါဝင်ကာ ပြည်သူအများ ပါဝင်လာအောင် ရှေ့ဆောင်လမ်းပြကောင်းများ အသွင်ဖော်ဆောင်ရင်း ပြည်သူချစ်သောအနုပညာရှင် အမျိုးသမီးများ၏ ပရဟိတ
စိတ်ဓာတ်များ၊ အနုပညာဖြင့် ပြည်သူများကို အကျိုးပြုနေမှုများအားစာဖတ်သူများထံ အမျိုးသမီးကဏ္ဍက စုစည်းတင်ပြပေးလိုက်ပါ သည်။
ဆုန်သင်းပါရ်
ဆုန်သင်းကတော့ ပရဟိတကို အများကြီးတော့ မလုပ်နိုင်ပါဘူး။ ကိုယ်နိုင်သလောက်တော့ လုပ်ဖြစ်ပါ တယ်။ ဆုန်သင်းက ချင်းတိုင်းရင်းသူလည်းဖြစ်တယ်။ ကိုယ့်ဒေသကသူတွေအတွက် ဘာမှမလုပ်ပေးနိုင် ရင်တောင် ကိုယ့်လူမျိုးအတွက်ကို ကိုယ်နိုင်တဲ့ဘက်က ရပ်တည်ပေးပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်က ချင်း ပြည်နယ်မှာ ကြွက်တွေသောင်းကျန်းလို့ ရွာမှာရှိတဲ့ဆန်စပါး၊ ကောက်ပဲသီးနှံတွေကို ဖျက်ဆီးသွားတယ်။ အ၀တ်အစားတွေကအစ ဖျက်ဆီးခံခဲ့ရတယ်။ အဲဒီအချိန်မှာ ဆုန်သင်းအနေနဲ့ နိုင်ငံခြားမှာရှိတဲ့ အဖွဲ့အ စည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဖျော်ဖြေရေးပွဲတွေကို မလေးရှား၊ ဥရောပဘက်နဲ့ အမေရိကနိုင်ငံတွေမှာ သွားဖျော်ဖြေတယ်။ အဲဒီပွဲတွေကရတဲ့ ငွေတွေနဲ့ ချင်းတောင်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ လုပ်တယ်။ နာဂစ်ဖြစ်ပြီးနောက်ပိုင်းမှာ ရန်ပုံငွေပွဲတွေ လိုက်ဆိုဖြစ်တာများတယ်။ အဲဒီအချိန်တော့ ကိုယ်တတ်စွမ်း တဲ့အနုပညာနဲ့ ပြည်သူတွေဘက်ကို ကူညီပေးပါတယ်။ တစ်ခါတလေ ရန်ပုံငွေများတဲ့အတွက် အရမ်းကို စိစစ်ရတယ်။ ကိုယ်က သွားဖျော်ဖြေတဲ့ ရန်ပုံငွေပွဲက သူတို့အတွက် တကယ်ထိရောက်ရဲ့လား။ ဒီကရ တဲ့ရန်ပုံငွေကို အမှန်တကယ် အသုံးချရဲ့လားဆိုတာကိုတော့ စိစစ်ရတယ်။ ဒါပေမဲ့ ကိုယ်တတ်နိုင်တဲ့ ဘက်က ပံ့ပိုးပေးပြီး သွားရောက် လှူဒါန်းဖြစ်တဲ့အခါမှာတော့ ပီတိဖြစ်ရတာထက် ၀မ်းနည်းတယ်။ စိတ် မကောင်းဖြစ်ရတယ်။ ကိုယ်လုပ်ပေးလိုက်တာဟာ သူတို့အတွက် သဲမှုန်တစ်ခုလောက်ပဲရှိတယ်။
သူတို့စိတ်ချမ်းသာအောင် ခဏလေးပဲ ဖြည့်ဆည်ပေးတာပါ။ တကယ်ခံစားပြီး ဒုက္ခရောက်နေရတဲ့ သူတို့ ဘ၀တွေကို အဆင်ပြေပြေ ဖြတ်သန်းစေချင်တယ်။

ရေဗက္ကာဝင်း
ပရဟိတလုပ်ရတဲ့အခါမှာ အချိန်ကတော့ ယူတတ်ရင်ယူတတ်သလို ရပါတယ်။ အရေးကြီးတာကတော့ အချိန်စီမံခန့်ခွဲတတ်ဖို့ပါပဲ။ အဓိက ဘယ်ဟာက အရေးကြီးလဲဆိုတာကို ခွဲပါတယ်။ အမြဲတမ်း လူမှုရေး အတွက်ပဲ ဦးစားပေးတာတော့မဟုတ်ပါဘူး။ အနုပညာဘက်ကြီးပဲလည်း မဟုတ်ဘူး။ ကိုယ်က balance ဖြစ်အောင် ဘယ်ဟာကအရေးကြီးလဲ၊ ဘယ်ဟာက နောက်ရွှေ့ထားလို့ရလဲဆိုတာကို ချိန်ဆပြီး ကိုယ် လုပ်နိုင်တဲ့ အတိုင်းအတာထဲကနေ ဖြည့်ဆည်းပေးတယ်။ ပရဟိတလုပ်တာဟာ အနုပညာရှင်ဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ မဆိုင်ပါဘူး။ လူသားကောင်းကျိုးပြုတဲ့အရာတွေကို လူသားတိုင်း လုပ်သင့်တယ်လိုမြင်ပါ တယ်။ အနုပညာရှင်တွေအနေနဲ့ အရမ်းကိုနည်းတဲ့ အားလပ်တဲ့အချိန်လေးကို ဖဲ့ပြီးလုပ်ရတာပါ။ နောက် ပိုင်းမှာ ဖျော်ဖြေရေးပွဲတွေ၊ ရန်ပုံငွေပွဲတွေမှာ လိုက်ဖျော်ဖြေတယ်။ တစ်ခါတလေ တကယ့်ကိုဒုက္ခရောက် နေတဲ့နေရာတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပါတယ်။ အနုပညာရှင် ပရဟိတလုပ်တဲ့အ တွက် ပြည်သူတွေအတွက်ပိုပြီးအကျိုးရှိတယ်၊ ထိရောက်တယ်လို့ မြင်တယ်။ အခုနောက်ပိုင်းမှာ အစိုးရ မဟုတ်တဲ့ ပြင်ပအဖွဲ့အစည်းတွေ၊ အမျိုးသားနဲ့ အမျိုးသမီး တန်းတူအခွင့်အရေးရရှိရေး ဖော်ဆောင်နေ တဲ့အဖွဲ့တွေမှာ ရေဗက္ကာနဲ့ထရီဇာက အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်ရဲ့ သံတမန်လုပ်ပါတယ်။ အနုပညာရှင်တွေက ပရဟိတလုပ်ငန်းတွေကို လုပ်လာကြတာမြင်တွေ့ရတော့ ပြည်သူတွေအနေနဲ့ ပိုပြီး စိတ်ဝင်စားလာကြပါတယ်။ သူတို့တွေမှာလည်း ပရဟိတကိုလုပ်ချင်တဲ့ စိတ်ကတော့ရှိမှာပါ။ တစ်ခါတ လေ အချိန်မပေးနိုင်တာမျိုးလေးတွေ ရှိတာကြောင့်လည်း မလုပ်ဖြစ်ကြတာလို့ ထင်ပါတယ်။

ဂုဏ်ရည်အေးကျော်
ကျွန်မ ၂၀၁၀ မှာ ကားစမောင်းတတ်တဲ့ အချိန်ကစပြီး မန္တလေးက ဗြဟ္မစို ပရဟိတအသင်းမှာ နာရေး ကား စမောင်းခဲ့တယ်။ အဲဒီအချိန်က ကျွန်မ မန္တလေးမှာနေတဲ့အချိန်ပါ။ အဲဒီ ပရဟိတအသင်းမှာပဲ ဘိုး ဘွားစောင့်ရှောက်ရေး၊ ကလေးသူငယ်စောင့်ရှောက်ရေးမှာ ကိုယ်တတ်နိုင်တဲ့ ငွေကြေးပမာဏကို ထောက်ပံ့ပေးတယ်။ လက်ရှိမှာတော့ ဦးကျော်သူရဲ့ဖိတ်ကြားချက်အရ နာရေးကူညီမှုအသင်းမှာ နာရေး ကား မောင်းပေးနေပါတယ်။ ဂုဏ်ရည်အနေနဲ့ ပရဟိတအလုပ်ဆိုတာ မစိမ်းပါဘူး။ အဖေက ဂုဏ်ရည် ငယ်ငယ်ကတည်းက ပရဟိတလုပ်ငန်းတွေကို ရပ်ရွာမှာ ဦးဆောင်ဦးရွက်လုပ်တဲ့သူဖြစ်တယ်။ အဲဒီအ ချိန်ကတည်းက အဖေ့နောက်လိုက်ရင်းနဲ့ ပရဟိတစိတ်ဓာတ်အခံက ရှိပြီးသားဖြစ်နေပြီ။ အခုကချင်ပြည် နယ်က စစ်ဘေးဒဏ်ခံရတဲ့ ကလေးငယ်အယောက် ၈၀၀ ကို ပေ၂၀ ပတ်လည်အခန်း ၈၀ ဆောက်လုပ် ပြီး သူတို့နေဖို့အတွက် စီစဉ်နေပါတယ်။ ပရဟိတအလုပ်ဆိုတာ တာဝန်ကြီးတဲ့အလုပ်မျိုး မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ ကိုယ်တတ်နိုင်သလောက်လုပ်သွားလို့ရတယ်။ ဘယ်လောက်ကြီးလုပ်မှ ပြည့်စုံတယ် လို့ မဆိုနိုင်ပါဘူး။ လူသားအကျိုးပြုလုပ်ငန်းဆိုတာ မင်္ဂလာတစ်ပါးဖြစ်တဲ့အတွက် ပြည်သူအားလုံး ပါဝင် ကြစေချင်တယ်။

အိုင်ရင်းဇင်မာမြင့်
အခုနောက်ပိုင်းမှာ ပြည်သူတွေအနေနဲ့ ပရဟိတလုပ်ငန်းတွေကို စိတ်ဝင်စားပြီး ပါဝင်ဆောင်ရွက်လာကြ တာကို တွေ့ရတဲ့အတွက် အရမ်းကို ကျေနပ်အားရတယ်၊ ၀မ်းလည်းသာပါတယ်။ လိုအပ်နေတဲ့အပေါ် ထောက်ပံ့ချင်တဲ့စိတ် ကူညီချင်တဲ့စိတ်ဟာ လူသားတိုင်းမှာ ရှိလာတယ်လို့ အိုင်ရင်းမြင်ပါတယ်။ ပရဟိ တလုပ်ငန်းလုပ်ဖို့အတွက် အဓိက လိုအပ်တာက ကိုယ့်ရဲ့ ကူညီချင်တဲ့စိတ်က ၁၀၀ ရာခိုင်နှုန်းရှိနေဖို့ လို အပ်ပါတယ်။ အလုပ်တွေ ဘယ်လောက်ပဲ မအားလပ်ပါစေ ကိုယ့်ရဲ့စိတ်ထဲမှာ ကူညီချင်တယ်ဆိုရင် မဖြစ်ဖြစ်အောင် ကြိုးစားပါဝင်လာမှာပါ။ အိုင်ရင်းက ပရဟိတနဲ့ အကျိုးပေးတယ်ပြောရမှာပါ။ ဘာလို့လဲ ဆိုတော့ အိုင်ရင်းသီချင်းစဆိုတဲ့အချိန်မှာ နာဂစ်စဖြစ်တယ်ဆိုတော့ အဲဒီကတည်းက ရန်ပုံငွေဖျော်ဖြေပွဲ တွေမှာ ခေါင်းစဉ်အကြီးတစ်ခုအနေနဲ့ မဟုတ်ပေမယ့် သူများလုပ်သမျှ ပရဟိတလုပ်ငန်းတိုင်းမှာ လိုက် ပါဝင်ဖြစ်ပါတယ်။ ကိုယ်တတ်ကျွမ်းတဲ့အနုပညာအလုပ်နဲ့ ပြည်သူတွေလိုအပ်ချက်တွေထဲက တစ်ထောင့် တစ်နေရာမှာ ပါဝင်ခွင့်ရတဲ့အတွက် ကျေနပ်ပါတယ်။ အနုပညာရှင်တစ်ယောက်ပဲဖြစ်ဖြစ် သာမန်ပြည်သူ တစ်ယောက်ပဲဖြစ်ဖြစ် ပရဟိတလုပ်ငန်းလုပ်တယ်ဆိုတာ စိုက်ထုတ်မှုခြင်းတော့ အတူတူပါပဲ။ ဒါပေမဲ့ အနုပညာရှင်တွေ ပါဝင်တဲ့အတွက် ပြည်သူတွေက ပိုစိတ်ဝင်စားတော့ အလှူငွေ များများရတယ်။ အဲဒီ တော့ လိုအပ်တဲ့နေရာတွေကို ပိုပြီး ထိထိရောက်ရောက် လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။

နီနီခင်ဇော်
ကျွန်မနေနဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေတယ်။ ဆရာဝန်တစ်ယောက်လည်း ဖြစ်နေတယ်။ ပြီးတော့ မြန်မာအမျိုးသမီးတစ်ယောက် ဖြစ်နေတဲ့အတွက် ပရဟိတလုပ်ငန်းဆိုတာ ပါဝင်လုပ်ဆောင်ရမယ့် လုပ် ငန်းတစ်ခု ဖြစ်နေတယ်။ ဒါက နိုင်ငံသူတစ်ယောက်ရဲ့ တာဝန်လို့လည်း ခံယူထားပါတယ်။ ကျွန်မက အ ဆိုတော်တစ်ယောက် ဖြစ်နေတဲ့အတွက် စင်ပေါ်မှာပဲ သီချင်းဆိုတဲ့နေရာက ကူညီနိုင်တာပါ။ တကယ်ဆို ကျွန်မတို့ဘက်က ဒီထက်ပိုပြီးလုပ်ဆောင်ပေးရမှာပါ။ နိုင်ငံတကာက အဆိုတော်တွေဆိုရင် ဒုက္ခရောက် နေတဲ့ ဥပမာ-အာဖရိကလို နိုင်ငံတွေအထိ သွားပြီးတော့ ပရဟိတလုပ်ငန်းတွေ၊ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်ကြတယ်။ ငွေကြေးထောက်ပံ့မှုအပြင် သူတို့အင်နဲ့အားနဲ့ကို သွားရောက်ကူညီကြပါတယ်။ ကျွန် မတို့အနေနဲ့ အဲဒီလိုကူညီနိုင်အောင် အများကြီးကြိုးစားရဦးမှာပါ။ အသက်ကြီးလာတဲ့အမျှ အတွေ့အကြုံ တွေ အများကြီးရလာရင် ဒီထက်အများကြီး ကူညီဆောင်ရွက်နိုင်မှာပါ။ အနုပညာရှင်တွေ ပရဟိတလုပ် နိုင်တော့ လူတွေပိုစိတ်ဝင်စားမှုများလာတဲ့ သဘောပါပဲ။ ဒါပေမဲ့ သာမန်လူတွေက ပရဟိတအလုပ်ကို ပို ပြီး အင်တိုက်အားတိုက် ပါဝင်နိုင်တာပါ။ ပရဟိတဆိုတာက သူများအကျိုးပြုတဲ့ လုပ်ငန်းကို ခေါ်တာပါ။ ကျွန်မတို့အနေနဲ့ အခုလုပ်နေတဲ့ ပရဟိတက ပရဟိတအစစ် မဟုတ်သေးပါဘူး။ တကယ် ပရဟိတအ စစ် လုပ်နိုင်အောင်လို့ အသက်ကြီးလာတဲ့အထိ အများကြီးကြိုးစားပြီး လုပ်ဆောင်သွားပါမယ်။

ထားထက်ထက်
ပရဟိတလုပ်ငန်းကို ကိုယ်တိုင်စိတ်ဝင်စားလို့ လုပ်တာပါ။ ပရဟိတလုပ်ချင်တဲ့ ရည်ရွယ်ချက်က ဆင်းရဲ တဲ့သူတွေ၊ မိဘမဲ့ကလေးတွေနဲ့ တချို့ဆို နေစရာတောင်မရှိတဲ့ ဒုက္ခသည်တွေကို လိုအပ်တဲ့နေရာတွေ မှာ ကိုယ်တတ်နိုင်သလောက် ကွက်လပ်ဖြည့်ပေးချင်တာပါ။ သူတို့ဆီကရတဲ့ အပြုံးတွေက ကျွန်မအ တွက် ပီတိပါပဲ။ အဲဒီပီတိကိုပဲ ကျွန်မ မက်မောတယ်။ ကျွန်မတို့လို အနုပညာအသိုင်းအ၀န်းထဲက အမျိုး သမီးတွေက ပရဟိတလုပ်ငန်းကို စိတ်ဝင်တစား လုပ်လာကြတော့ ပြည်သူတွေကလည်း ပါဝင်လာကြ တယ်။ အခုနောက်ပိုင်းမှာ Facebook က လူငယ်တော်တော် များများ သုံးလာကြတော့ ပရဟိတလုပ်မယ် ဆိုတဲ့သတင်းမျိုး တင်လိုက်တာနဲ့ ကိုယ့်ဘက်က လှူဒါန်းဖို့ တိုက်တွန်းစရာတောင် မလိုပါဘူး။ သူတို့ ဘာသာ လှူဒါန်းဖို့ စိတ်ဝင်တစားနဲ့ ဆက်သွယ် လှူဒါန်းကြပါတယ်။ ကျွန်မ မျက်ကြည်လွှာသွားလှူတုန်း ကဆိုရင်လည်း ပရိသတ်တွေက ဘယ်မှာလှူမှာလဲ၊ ဘယ်တော့လှူမှာလဲ စသဖြင့် ဆက်သွယ်လာကြ တယ်။ သူတို့ကိုယ်တိုင် လိုက်ပါလှူဒါန်းတာတွေတောင် ရှိကြတယ်။ ပြည်သူတွေအနေနဲ့ ပရဟိတလုပ် ငန်းကို စိတ်ဝင်စားအောင် ပါဝင်လာအောင် အထူးတလည် ဖိတ်ခေါ်နေဖို့မလိုပါဘူး။ လူသားတိုင်းရဲ့စိတ်ထဲမှာ လူသားချင်းစာနာတဲ့စိတ်က ရှိနေပြီးသားလို့ ယုံကြည်ပါတယ်။
Mizzima
0 comments:
Post a Comment