ကမ္ဘာကျော် မြန်မာ့ကျောက်စိမ်းများ ထွက်ရှိရာ ကချင်ပြည်နယ်
ဖားကန့်မြို့နယ်အတွင်း ပေ ၂၀ ပတ်လည် အလေးချိန် ၁၅ တန်ခန့်ရှိ ကျောက်စိမ်း
အရိုင်းတုံးတစ်တုံး တွေ့ရှိခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် The New
Light of Myanmar သတင်းစာတွင် ဖော်ပြထားသည်။
အဆိုပါ ကျောက်စိမ်း အရိုင်းတုံးကို ဖေဖော်ဝါရီလ ၉ ရက်နေ့က မောတောင်-ဝေခါလမ်းပေါ်တွင် ဒေသခံများက တွေ့ရှိ ခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းအရ သိရသည်။
ပေ ၂၀ ပတ်လည် အရိုင်းတုံး ဖြစ်သည့်အတွက် ပြန်လည် ခွဲစိတ်မည်ဆိုပါက ကျောက်စိမ်း အချောထည်များစွာ ရရှိနိုင်မည် ဖြစ်ပြီး ပြန်လည် ခွဲစိတ်သည့် ပစ္စည်းအမျိုးအစားပေါ် မူတည်ပြီး ထွက်ရှိမှု အနည်းအများ ကွဲပြားနိုင်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက် ရတနာနှင့် ကျောက်စိမ်း ကုန်သည်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးထွန်းလှအောင်က The Voice သို့ ပြောကြားသည်။
“အချောထည်တွေ အများကြီးရမှာပါ။ ဒါပေမဲ့ ခွဲတဲ့အပေါ် မူတည်ပါတယ်။ ခွဲပြီး ဘာလုပ်မှာလဲ ဆိုတာပေါ့။ လက်ကောက် လုပ်မှာလား၊ လက်စွပ် လုပ်မှာလားပေါ့” ဟု ၎င်းကပြောဆိုသည်။
ကချင်ပြည်နယ်ရှိ ကျောက်မျက်၊ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းများကို လက်ရှိအချိန်အထိ တူးဖော်ခွင့် ပိတ်ထားဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာနှင့် ကျောက်စိမ်း ကုန်သည်များ အသင်းထံမှ သိရသည်။
ယင်းသို့ ပိတ်ဆို့ထားသော်လည်း ဖားကန့်နယ်တစ်ဝိုက်ရှိ ကျောက်မျက် လုပ်ကွက်များတွင် တရားမဝင် လာရောက် တူးဖော်သော လူဦးရေမှာ တစ်ရက်လျှင် ၂၀၀ ခန့် ရှိကြောင်း ဖားကန့် ဒေသခံတစ်ဦးက ပြောဆိုသည်။
“ပိတ်ထားလို့ ဖမ်းတယ်။ ဒါပေမဲ့တူးတဲ့ လူတွေကလည်း နေ့ရောညရော လာတူးတာ။ လက်နဲ့ တူးတာဆိုတော့ သိပ်တော့ အရာမထင်ဘူးပေါ့” ဟု ၎င်းကဆိုသည်။
၂၀၀၀ ပြည့်နှစ်ကလည်း ဖားကန့်မြို့နယ်အတွင်း တန် ၃၀၀၀ ရှိ ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်း အရိုင်းတုံးတစ်ခု တွေ့ရှိခဲ့ဖူးသည်။
The Voice Weekly
0 comments:
Post a Comment