NASA အဖွဲ့မှ နောက်ဆုံး လွှတ်တင်လိုက်သည့် NEOWISE အာကာသ စူးစမ်း လေ့လာရေး ယာဉ်သည် ကမ္ဘာကြီး အတွက် အန္တရာယ် ဖြစ်စေနိုင်ဖွယ် ရှိသော ဂြိုလ်သိမ်ဂြိုလ်မွှား တစ်လုံးကို ကမ္ဘာ မြေပြင်မှ ကီလိုမီတာ ၄၃ သန်းခန့် အကွာတွင် တွေ့ရှိ ခဲ့သည်ဟု သိရသည်။
အဆိုပါ ဂြိုဟ်သိမ်ဂြိုဟ်မွှား ကြီးကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းဂြိုဟ်သိမ်ဂြိုဟ်မွှား ကြီးကို ၂ဝ၁၃ YP139 ဟု အမည် ပေးထားကြောင်း သိရသည်။
အဆိုပါ ဂြိုဟ်သိမ်ဂြိုဟ်မွှားကြီး အမှန်တကယ် တည်ရှိနေမှုကို တက်ဆန်မြို့ အနောက် တောင်ပိုင်းရှိ Kitt Peak အမျိုးသား လေ့လာ စောင့်ကြည့်ရေး ဌာနမှ အာကာသ အဏုကြည့် မှန်ပြောင်းဖြင့် စစ်ဆေးကြည့်ရှု ခဲ့ပြီးနောက်တွင် အရီဇိုးနား တက္ကသိုလ်မှ သုတေသီ များက အတည်ပြုပေး ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။
၂ဝ၁၃ YP139 ဂြိုဟ်သိမ်ဂြိုဟ်မွှား ကြီးအား တွေ့ရှိမှုသည် NEOWISE အာကာသ ယာဉ်အတွက် ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်လုံးကို ပထမဆုံး အကြိမ် တွေ့ရှိ ခဲ့ခြင်း ဖြစ်မည်ဟု မျှော်မှန်းရကြောင်း NASA အဖွဲ့က ပြောကြားသည်။
၂ဝ၁၃ YP139 ဂြိုဟ်သည် အကြမ်းဖျင်း အားဖြင့် အချင်း ၆၅ဝ မီတာရှိပြီး ကျောက်မီးသွေး တစ်လုံးကဲ့သို့ မည်းမှောင်လျက် ရှိကြောင်း၊ ၎င်းဂြိုဟ်သိမ်ဂြိုဟ်မွှား ကြီးသည် ဘဲဥ ပုံသဏ္ဌာန်ဖြင့် ပတ်လမ်းကြောင်း ပေါ်တွင် နေကို လှည့်ပတ်နေရာ ကမ္ဘာဂြိုဟ် အနီးသို့ တိမ်းစောင်း နေခြင်းကြောင့် ကမ္ဘာကြီး အတွက် အန္တရာယ် ရှိသည့် အလားအလာ ရှိကြောင်း၊ သို့ရာတွင် ၎င်းဂြိုဟ်သည် လာမည့် ရာစုနှစ် အတွင်း ကမ္ဘာကြီး အနီးသို့ နီးကပ်လာဖွယ် မရှိကြောင်း NASA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ အေမီ မိန်းဇာက ပြောကြားသည်။
မြ၀တီ
0 comments:
Post a Comment