Wednesday, January 15, 2014

ပြည်မြို့၌ ဒုတိယအဆင့် ပေါက်ကွဲနိုင်သေးသည့် ဒုတိယကမ္ဘာစစ် လက်ကျန်ဗုံးသီးတွေ့ရှိ

ပထမအဆင့် ပေါက်ကွဲအပြီး ဒုတိယအဆင့် ပေါက်ကွဲရန်ယမ်းရှိ သေးသော ဒုတိယကမ္ဘာစစ် အတွင်း လေယာဉ်ပေါ်မှ ကြဲချသည်ဟုယူဆရသော ဗုံးတစ်လုံးကို ပဲခူးတိုင်းဒေသကြီး ပြည် ခရိုင် ပြည်မြို့ မာန်အောင် ကွက်သစ် နှင်းဆီ(၃)လမ်း ရွာဘဲရပ်ကွက်တွင် ဇန်န၀ါရီ ၁၄ ရက်ကတွေ့ရှိခဲ့သည်။
အဆိုပါဗုံးသည် ငှက်ပျောဖူး ပုံသဏ္ဌာန်ဖြစ်ပြီး အလျား ၁၃ လက်မ လုံးပတ် ၁၀ လက်မ ရှိကြောင်းနှင့် ပထမ အဆင့်ပေါက်ကွဲပြီးဖြစ်ရာ အပူရှိန်ကြောင့် ဒုတိယအဆင့် ထပ်မံပေါက် ကွဲနိုင်သေးသည်ဟု လာရောက်စစ်ဆေးသူ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း (၉၁၁) တောင်ငူ မှ အရာရှိတစ်ဦး ကပြောသည်။

' ယမ်းက လက်ကျန်ရှိသေးတော့ ထပ်ပေါက်နိုင်သေးတယ်။ ဒီအရှေ့မှာ အဆင့်လေးတွေ ရှိသေး တယ်။ မီးတို့ ဘာတို့နဲ့တွေ့ရင် ပေါက်ကွဲမှာ။ အပူချိန်နဲ့ တွေ့ရင်တော့ ကွဲမှာပါ ' ဟု လာရောက် စစ်ဆေးသူ ဒုအရာခံဗိုလ်က ပြောဆိုသည်။

ထိုနေ့နံနက် ၁၀ နာရီက သဲချောင်းဘေးတွင် အဆိုပါ ဗုံးကို လယ်သမားကြီး ဦးတင်ဝင်းက ထင်းခုတ်နေစဉ်တူးဖော် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ တစ်ဆင့် အဆင့်ဆင့်အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ဗုံးတွေ့ ရှိသည့်နေရာသို့ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း (၉၁၁)မှ ဗိုလ်ကြီးအောင်မြတ်စိုးနှင့် ဒုအရာခံဗိုလ်တစ်ဦး၊ မြို့မရဲစခန်း တာဝန်ရှိသူများ၊ ရွာဘဲရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များ လာရောက်ကြည့်ရှုခဲ့ကြပြီး အဆိုပါဗုံးကို စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း(၉၁၁)သို့ ပို့ဆောင် စစ်ဆေးမည်ဟုသိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

0 comments:

Post a Comment