Thursday, January 2, 2014

စံပြသဘင်ရဲ့ လျှို့ဝှက်ချက်ကို ပြောပြတဲ့ တင်ဇာမိုးဝင်း


အခုလက်ရှိ မဟာရန်ကုန် စံပြသဘင် ကိုတော့ ဟန်ဇာမိုးဝင်း၊ အဂ္ဂါမိုးဝင်း၊ တင်ဇာမိုးဝင်း တို့ မောင်နှမ သုံးယောက်က အတွဲ အညီညီနဲ့ ပရိသတ်ကို တင်ဆက်နေ ကြပါတယ်။ မောင်နှမ သုံးယောက် မှာတော့ တင်ဇာမိုးဝင်း က အကြီးဆုံး ဖြစ်ပြီး အဂ္ဂါမိုးဝင်းကတော့ အငယ်ဆုံး ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ သဘင် မင်းသားကြီး ဦးမိုးဝင်း ရဲ့ အနုပညာအမွေကို ဆက်လက် ထိန်းသိမ်း နေရင်း မြန်မာ့ ဇာတ်သဘင်ရဲ့ တိုးတက်မှု အတွက်ကိုလည်း ကြိုးစား ကြံဆနေကြပါတယ်။

ဟန်ဇာမိုးဝင်း နဲ့ တင်ဇာမိုးဝင်း တို့နှစ်ယောက် အဓိကထားပြီး တင်ဆက်ခဲ့ကြ ရင်းက အခုဆိုရင် မောင်ဖြစ်သူ အဂ္ဂါမိုးဝင်း ကလည်း စံပြသဘင်ရဲ့ အနုပညာ အမွေကို ဆက်လက် ထမ်းရွက်နေပါပြီ။

အစ်မကြီးဖြစ်သူ တင်ဇာမိုးဝင်းကတော့ မောင်ဖြစ်သူ ဟန်ဇာမိုးဝင်းနဲ့ အဂ္ဂါမိုးဝင်း တို့နှစ်ယောက်စလုံးကို အနုပညာနဲ့ ပတ်သက်ပြီး အမြဲတမ်း ကြိုးစားဖို့ တွန်းအားပေး လျက်ရှိပါတယ်။ ဇာတ်သဘင်လောကထဲ ဝင်ရောက်လာတာ သိပ်မကြာသေးတဲ့ အဂ္ဂါမိုးဝင်း ကိုတော့ အားရမှု သိပ်မရှိသေး ကြောင်းပြောလာတဲ့ တင်ဇာမိုးဝင်း က “အဂ္ဂါကိုတော့ ဒီထက်ပိုပြီး ဖြစ်စေချင်တယ်။

အဂ္ဂါက နည်းနည်းတော့ စိမ်းနေသေးတယ်။ ဒါပေမဲ့ သူလည်း ကြိုးစား ရှာပါတယ်။ အဂ္ဂါကတော့ ဒီ ထက်ပိုပြီး ကြိုးစား ရပါဦးမယ်။ ဟန်ဇာ အနေနဲ့လည်း ဒီထက်ပိုပြီး ကြိုးစားရမှာ ဖြစ်သလို၊ အစ်မ အနေနဲ့လည်း ကြိုးစားရဦးမှာပါ” လို့ ပြောပြလာပါတယ်။ စံပြသဘင် အနေနဲ့ အခုအချိန် အထိ တည်တံ့နေ နိုင်တဲ့ လျှို့ဝှက်ချက်ကကော ဘာလဲလို့ တင်ဇာမိုးဝင်း ကို ဆက် မေးတော့ “ဒီစုစည်းမှုကို ထိန်းသိမ်းနေတာကတော့ အစ်မတို့ရဲ့ အမေ ပါပဲ။ အဲဒီကမှ နောက်တစ်ဆင့် အဖေ ပေါ့။

ထင်းချောင်း တစ်ချောင်းတည်းကို ချိုးရတာ လွယ်ပေမယ့် ထင်းစည်း တစ်စည်းလုံးကို ချိုးရတာ မလွယ်ဘူး ဆိုတဲ့အတိုင်း စည်းလုံးခြင်းက အင်အားပါပဲ။ မိသားစုတွေ စည်းလုံးလို့ လည်း စံပြသဘင် ဆိုတာကို ပရိသတ်တွေက အခု အချိန်အထိ လက်ခံ အားပေးနေတာပါ” လို့ သူတို့ရဲ့ လျှို့ဝှက်ချက်ကို ပီတိဖြစ်စွာ ပြောပြလာပါ တယ်။ တင်ဇာမိုးဝင်း တို့ စံပြသဘင် အဖွဲ့က ဒီဇင်ဘာ ၂၇ ရက်နေ့ မှ ၃၁ ရက်နေ့အထိ မိုးကောင်း ဘုရားပွဲမှာ ကပြရမှာဖြစ်ပြီး နယူးရီးယား ညကိုတော့ ပွဲကရင်းပဲ ဖြတ်သန်း မှာဖြစ်ပါတယ်။ နယူးရီးယားလိုနေ့မျိုးတွေမှာ လူငယ် သဘာဝ ပျော်ချင်ပေ မယ့် ပွဲကတဲ့ရက်တွေနဲ့ အမြဲ တိုက်နေတဲ့အတွက် ပွဲကရင်း ပရိသတ်တွေနဲ့ပဲ နှစ်စဉ် ဖြတ်သန်းဖြစ်နေကြောင်း တင်ဇာမိုးဝင်း က ဆိုပါတယ်။

0 comments:

Post a Comment