Tuesday, January 14, 2014

မန္တလေးတိုင်းဒေသကြီး အတွက် ရဲတပ်ဖွဲ့ဝင်အင်အား ထက်ဝက်နီးပါး လိုအပ်ဟုဆို

Photo: မန္တလေးတိုင်းဒေသကြီး အတွက် ရဲတပ်ဖွဲ့ဝင်အင်အား ထက်ဝက်နီးပါး လိုအပ်ဟုဆို
Tuesday, January 14, 2014

မန္တလေးတိုင်း ဒေသကြီးတွင် ဖွဲ့စည်းပုံအရ နယ်မြေ ရဲတပ်ဖွဲ့အင်အား ၇,၀၀၀ ဦးခန့် လျာထားမှု ရှိသော်လည်း လက်ရှိ အင်အားမှာ ၄,၀၀၀ ဦးကျော်သာ ရှိသည့်အတွက် ရဲတပ်ဖွဲ့ဝင် အင်အား ၃,၀၀၀ နီးပါးခန့် လိုအပ်လျက် ရှိကြောင်း အဆိုပါ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယ ရဲမှူးကြီး ဇော်မင်းဦး က ပြောကြားသည်။

ပြည်ထဲရေး ဝန်ကြီးဌာနက မန္တလေးတိုင်းဒေသကြီး အတွက် ချမှတ်ပေးသော ရဲတပ်ဖွဲ့ဝင် အင်အားသည် ဖွဲ့စည်းပုံ ပြည့်မီခြင်း မရှိသေးသည့်အတွက် လိုအပ်သည့် ဝန်ထမ်းများ ခန့်ထားနိုင်ရေး အဆိုပါ ဝန်ကြီးဌာနသို့ တင်ပြထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးက ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင် အင်အားအနေနှင့် တစ်နိုင်ငံလုံးတွင် မန္တလေးတိုင်း ဒေသကြီးသည် အဆင့် (ခ) တွင် ရှိသဖြင့် ဖွဲ့စည်းပုံ ပြည့်မီရေးအတွက် လာမည့် ဘဏ္ဍာနှစ်တွင် ဝန်ထမ်းများ ခန့်ထားနိုင်ရေး တင်ပြထားကြောင်း အဆိုပါ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

အများပြည်သူ ယုံကြည်မှု ရရှိစေရေး နှင့် ရဲတပ်ဖွဲ့ပုံရိပ် မြှင့်တင်စေရေး အတွက် ဝန်ထမ်းများ ခန့်ထားရန် လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တိုင်းရဲမှူးက ထပ်မံ ပြောကြားသည်။

လာဘ်ပေးလာဘ်ယူ ကင်းရှင်းစေရေးအတွက် ရဲအမှုစစ်များက အမှုလိုက်ရာတွင် ကုန်ကျသည့် စရိတ်ကို ထောက်ပံ့သည့် အနေနှင့် အမှုအလိုက် စရိတ် ထောက်ပံ့ပေးခြင်းများ ရှိလာကြောင်း ၎င်းက ဆိုသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း မှုခင်းဖြစ်ပွားမှုမှာ ၂၀၀၉ ခုနှစ်တွင် ၁၃,၅၆၆ မှု၊ ၂၀၁၀ ပြည့်နှစ်တွင် ၁၆,၅၀၇ မှု၊ ၂၀၁၁ ခုနှစ်တွင် ၁၆,၅၁၈ မှု၊ ၂၀၁၂ ခုနှစ် ၁၈,၄၇၄ မှုနှင့် ၂၀၁၃ ခုနှစ်တွင် ၁၉,၉၇၂ မှု ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူး မှတ်တမ်းများ အရ သိရသည်။

The Voice Weekly

0 comments:

Post a Comment