Saturday, January 4, 2014

အခွန်ကြွေးကျန် မပေးဆောင်ပါက မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများ သိမ်းမည်

ခတ်အဆက်ဆက်မှ ကျန်ရှိလျက်ရှိသော ပြည်တွင်း လုပ်ငန်းအမျိုးမျိုး၊ တစ်ဦးချင်းနှင့် အများပိုင် လုပ်ငန်းများမှ ကောက်ခံရန် အခွန်ကြွေးကျန် ကျပ် ၆၈ ဘီလီယံကျော်ကို လာမည့် ဘဏ္ဍာနှစ် ၂၀၁၄-၂၀၁၅ အတွင်း အပြီးကောက်ခံမည် ဖြစ်ပြီး မပေးဆောင်ပါက မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို သိမ်းဆည်းမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနထံမှ သိရသည်။
“အခုလည်း မြို့နယ်တိုင်းမှာ ကောက်ခံနေပါတယ်။ လာမယ့် ဘဏ္ဍာနှစ်အပြီးမှာ အခွန်ကြွေး မရှိအောင် ကောက်မှာပါ” ဟု အဆိုပါဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အခွန်ကြွေးကျန်ရှိသည့် ကုမ္ပဏီနှင့် လုပ်ငန်းရှင်များ၏ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို ဝရမ်းကပ်ကာ လေလံတင် ရောင်းချမည် ဖြစ်ပြီး အမှုဖွင့်အရေးယူမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

အခွန်ကြွေးကျန် ရှိသူများတွင် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ ပါဝင်သော်လည်း ယင်းအခွန်များကို ဘဏ္ဍာငွေမှ နုတ်ယူနိုင်သည့် အတွက် ပြဿနာ ကြီးကြီးမားမား မရှိဘဲ ပုဂ္ဂလိက လုပ်ငန်းများမှာသာ ကောက်ခံရန် ပြဿနာ ရှိကြောင်း ယင်းဌာန အကြီးတန်းအရာရှိက ပြောဆိုသည်။

ယင်းသို့ အခွန်ကြွေးကျန်များ ဖြစ်ပေါ်ရခြင်းသည် ယခုနှစ် ပေးဆောင်ရသော အခွန်ကို နောင်နှစ်တွင်မှ ပေးဆောင်ရခြင်းကြောင့် တစ်နှစ်ပြီးတစ်နှစ် အကြွေး ကျန်ရှိနေခြင်း ဖြစ်ကြောင်း အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်က ရှင်းပြသည်။

The Voice Weekly

0 comments:

Post a Comment