Thursday, January 16, 2014

အာဆီယံထိပ်သီး အစည်းဝေးများ ကျင်းပရေး ကျပ်သန်းပေါင်း တစ်သောင်းငါးထောင် သုံးမည်

အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသော မြန်မာနိုင်ငံ အစိုးရသည် အာဆီယံ ထိပ်သီး အစည်းအဝေးများ ကျင်းပရေးအတွက် ငွေကျပ်သန်းပေါင်း နှစ်သောင်းငါးထောင်ကို အသုံးပြုမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ကိုယ်စားလှယ် နေပြည်တော် ကောင်စီဝင် ဦးကံချွန်က ဇန်နဝါရီလ၁၅ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

အဆိုပါ အာဆီယံထိပ်သီး အစည်းအဝေးပွဲများ ကျင်းပရေးအတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွင်း ကျပ်သန်းငါးထောင်ကျော် ချထားပေးသော်လည်း လုံလောက်မှု မရှိသောကြောင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ထပ်မံတောင်းခံမည် ဖြစ်ကြောင်း အာဆီယံ ထိပ်သီးအစည်းဝေး ပွဲများ ကျင်းပရန်အတွက် ငွေကျပ် သန်းပေါင်းတစ်သောင်းငါးထောင် လိုအပ်ကြောင်း နေပြည်တော် ကောင်စီဝင် ဦးကံချွန်က ပြောကြားသည်။ “နေပြည်တော် ကောင်စီနယ်မြေမှာ ကျင်းပမယ့် ထိပ်သီး အစည်းအဝေးတွေအတွက် အဓိက လိုအပ်တာပါ” ဟု ၎င်းကဆိုသည်။

အာဆီယံထိပ်သီး အစည်းအဝေးအပြင် ယင်းအစည်းအဝေးနှင့် ဆက်စပ်သော အစည်း အဝေးများ ကျင်းပရေးအတွက် အဆောက်အအုံများ ဆောက်လုပ်ရန် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွင်း ကျပ် ၃၉၇၃ ဒသမ ၅၅၄ သန်း ချထားပေးသော်လည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ကျပ်သန်းပေါင်း ၃၂၇၄ ဒသမ၂၀၁ သန်း ထပ်မံတောင်းခံမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အလားတူ အခမ်းအနား ပြင်ဆင်ရေး ဆပ်ကော်မတီ လုပ်ငန်းစဉ်များအတွက် ကျပ် ၂၀၉ ဒသမ ၆၃၁ သန်း ချထားပေးခဲ့ပြီး ယခုဘဏ္ဍာနှစ်အတွင်း ကျပ်သန်းပေါင်း ၇၀၉၁ ဒသမ ၅၇၉ သန်း တောင်းခံမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ သိရသည်။

ထို့အတူ အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ သန့်ရှင်းလှပရေး ကော်မတီ လုပ်ငန်းစဉ်များအတွက် ကျပ် ၁၇၄၅ သန်းချထားပေးပြီး ဖြစ်သော်လည်း ကျပ် ၂၃၂၈ ဒသမ ၇၄၆ သန်း လိုအပ်နေသေးကြောင်း ဦးကံချွန်က ဆိုသည်။

ယခုလအတွင်းတွင် အာဆီယံ ထိပ်သီး အစည်းအဝေး မကျင်းပမီ ကြိုတင် ကျင်းပလေ့ရှိသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် ကျင်းပလျက်ရှိသည်။

The Voice Weekly

0 comments:

Post a Comment