၂၀၁၅ ခုနှစ်တွင် စင်ကာပူနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပမည့် ၂၈ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ၌ မြန်မာ့ရိုးရာခြင်းလုံးကစားနည်း ပါဝင်မည်ဟု မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ် အတွင်းရေး မှူးဦးရဲအောင်က မဇ္ဈိမသို့ ပြောသည်။
(၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ခြောက်ခု ဆွတ်ခူးပေး ခဲ့သော မြန်မာ့ရိုးရာ ခြင်းလုံးအဖွဲ့သည် မြန်မာနိုင်ငံ၏ အဓိက အားကစားအဖွဲ့များထဲမှ တစ်ခု ဖြစ် လာခဲ့သည်။
ခြင်းလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးရဲအောင်က “စင်ကာပူဆီးဂိမ်းမှာ ရိုးရာခြင်းလုံး အပါဝင်ဖို့ အတွက် နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ အတည်ပြုချက် ယူပြီးသွားပါပြီ။ မြန်မာ့ရိုးရာခြင်းလုံးကို အာရှအားကစားပြိုင်ပွဲအထိပါအောင် လုပ်သွားပါမယ်” ဟု ပြောသည်။
လက်ရှိအချိန်တွင် ရိုးရာခြင်းလုံး အဖွဲ့ချုပ်သည် မိဘမဲ့ပရဟိတကျောင်းများသို့ ခြင်းလုံးများနှင့် အတူ နည်းပြဆရာများ စေလွှတ်သင်ကြားပေးလျက်ရှိသည်။ အဆိုပါ ပရဟိတကျောင်းများမှ မျိုးဆက်သစ် လူငယ် ကစားသမားများအပြင် ကျောင်းသားအားကစားပြိုင်ပွဲများမှ လူငယ် ကစား သမားများကိုလည်း ရှာဖွေမည်ဖြစ်သည်။
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်တွင် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ အာရှခြင်းလုံးအဖွဲ့ချုပ် ကို စတင် ဖွဲ့စည်းခဲ့ရာ အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံအပါအ၀င် တရုတ်၊ အိန်္ဒိယစသည့် နိုင်ငံများပါဝင်ခဲ့သည်။ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်သည် မြန်မာ့ရိုးရာခြင်းလုံး ကစားနည်းအား ဒေသတွင်း အရှေ့ တောင်အာရှအားကစားပြိုင်ပွဲများ၌သာမကဘဲ အာရှ၊ ကမ္ဘာ့အဆင့်ပြိုင်ပွဲ များတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် အာရှခြင်းလုံးအဖွဲ့ချုပ်အား ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
Mizzima - News in Burmese
0 comments:
Post a Comment