Wednesday, January 15, 2014

အခန်းပေါင်း ၃၅,၀၀၀ ပါရှိမည့် တန်ဖိုးနည်း အိမ်ရာများ ၂ နှစ်အတွင်း ဆောက်မည်

အခြေခံ လူတန်းစားများ ဝယ်ယူနိုင်သော ဈေးနှုန်းများဖြင့် ရောင်းချမည့် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း သုံးသောင်းငါးထောင်ကို ၂၀၁၄- ၂၀၁၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာရေး နှစ်တို့တွင် အပြီးသတ် တည်ဆောက်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က ပြောကြားသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ စတင်နိုင်ရန် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းတွင်ထည့် သွင်းရေးဆွဲထားပြီး ယင်းဥပဒေကြမ်းကို အတည်ပြုပေးရန် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အဆိုပါ ဝန်ကြီးက တိုက်တွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းတန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၃၅၀၀၀ ကို အခြေခံ လူတန်းစားများ အဓိက နေထိုင်ရာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင် တည်ဆောက်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က ဆိုသည်။ 

ယင်းတိုက်ခန်းများကို အခြေခံ လူတန်းစားများပါ ဝယ်ယူနိုင်ရန် စီစဉ်ထားသော်လည်း မည်သည့် ဈေးနှုန်းဖြင့် ရောင်းချမည်ကို ထုတ်ပြန် ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနထံမှ သိရှိရသည်။ 

ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် ရန်ကုန်မြို့တော် စည်ပင်ယာယာရေး ကော်မတီက အကောင်အထည်ဖော် ဆောင်ရွက်နေသော တန်ဖိုးမျှတအိမ်ရာ စီမံကိန်းသုံးခုနှင့် မြို့ ရွာနှင့် အိုးအိမ်ဖွံဖြိုးရေး ဦးစီးဌာနက တာဝန်ယူ ဆောက်လုပ်သော တန်ဖိုးနည်းအိမ်ရာ စီမံကိန်း နှစ်ခု ရှိကြောင်း အဆိုပါဌာနများထံမှ သိရှိရသည်။

ဝန်ထမ်းများနှင့် ဝင်ငွေနည်း လူတန်းစားများအတွက် ရည်ရွယ်သည်ဆိုသော အဆိုပါ အိမ်ရာစီမံကိန်းများ၏ သတ်မှတ်နှုန်းထားနှင့် အရစ်ကျ ပေးသွင်းရမည့် ငွေကြေး သတ်မှတ်ချက်မှာ ဝင်ငွေနည်း လူတန်းစားများနှင့် ဝန်ထမ်းများ ဝယ်ယူနိုင်သည့် အနေအထား မရှိသဖြင့် ငွေကြေး တတ်နိုင်သူများအတွက် အခွင့်အလမ်း များ ဖော်ဆောင် ပေးသကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်မှုများ ဖြစ်ပေါ်လျက် ရှိသည်။

The Voice Weekly

0 comments:

Post a Comment