အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ်ညီလာခံကို တစ်မြို့နယ်လျှင်
ပါတီဝင်အင်အား အနည်းဆုံး ၅၀ စီ ရရှိပြီးမှသာ ပြုလုပ်နိုင်မည်ဟု NLD
လူငယ်ညီလာခံ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ဒီဇင်ဘာ ၂ ရက်တွင်
ပြောကြားသည်။
လက်ရှိတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သို့ ၀င်ရောက်နိုင်ရန် ပုံစံများ ရောင်းချပေးနေဆဲ အဆင့်သာ ရှိသေးပြီး လက်ရှိတွင် ပုံစံ ၆၀၀၀၀ ကျော် ရောင်းချပြီးဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ် ဒီဇင်ဘာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများ ရှိနေသည့်အတွက် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ အတွင်းမှသာ ကျင်းပရန် ရည်ရွယ်ထားကြောင်း ဦးမောင်မောင်ဦးက ပြောကြားသည်။
လူငယ်ညီလာခံတွင် တိုင်းနှင့်ပြည်နယ် အသီးသီးမှ တက်ရောက်လာမည့် လူငယ်ကိုယ်စားလှယ်များမှ ရွေး ချယ်ကာ အဖွဲ့ချုပ် ဗဟိုလူငယ် လုပ်ငန်းအဖွဲ့ကို ရွေး ချယ်တင်မြှောက်ခြင်း၊ စာတမ်းတင် သွင်းခြင်း များကို ပြု လုပ်သွားမည် . . . . .
"လုပ်မယ်ဆိုတာက အဖွဲ့ဝင်အင်အား တကယ်ရှိမှ လုပ်လို့ရမှာလေ။ တစ်မြို့နယ်မှ အနည်းဆုံး အဖွဲ့ဝင်အင်အား ၅၀ ရှိမှ ညီလာခံ လုပ်လို့ရမှာ။ တချို့တော့လည်း ၂၀၀- ၃၀၀ ရှိတဲ့ မြို့တွေလည်း ရှိတယ်။ ချင်းပြည်နယ်တို့ ကချင်ပြည်နယ်တို့ကျတော့ ၅၀ ရအောင် မနည်းလုပ်ရမှာ။ ရန်ကုန်လို နေရာမျိုးကတော့ လွယ်တယ်။ အဖွဲ့ဝင်အင်အား ၅၀ ဆိုတာက ခဏလေးနဲ့ ရတယ်။ အခုက ဖောင်ရောင်းတာ လည်း နှစ် လကျော်လောက် ပဲ ရှိသေးတာကိုး။ တစ်နိုင်ငံလုံး အတိုင်းအတာကတော့ အနည်းဆုံး တစ်မြို့နယ်ကို ၅၀ လောက် အခြေခံရှိမှ ဖြစ်မှာလေ" ဟု ၎င်းက ပြောကြားသည်။
တစ်နိုင်ငံလုံးတွင်ရှိသည့် အင်အားအခြေအနေကို ချိန်ပြီးမှသာ ညီလာခံရက်ကို တိတိကျကျ သတ်မှတ်မည်ဖြစ်ကြောင်း၊ လုပ်ဖြစ်မည် ဆိုပါက ညီလာခံ မတိုင်မီ တစ်လ သို့မဟုတ် ၁၅ ရက်ခန့် ကြိုတင်ကြေညာ သွားမည်ဖြစ်ကြောင်း၊ ဖောင်လက်ခံမည့် နောက်ဆုံးရက်ကို ကြေညာပြီး အင်အားစာရင်း ပိတ်ပြီးမှသာ ညီလာခံ စတင်နိုင်မည်ဖြစ်ကြောင်း ဦးမောင်မောင်ဦးက ဆိုသည်။
လူငယ် အဖွဲ့ဝင်အတွက် ၁၆ နှစ်နှင့် ၃၅ နှစ်အကြား မြန်မာနိုင်ငံသား မည်သူမဆို လျှောက်ထားနိုင်ပြီး မြို့နယ်တစ်ခုချင်းစီအလိုက် ဖောင်တစ်စောင်လျှင် ငွေကျပ် ၂၀၀ နှုန်းဖြင့် ၀ယ်ယူကာ အဖွဲ့ဝင် အဖြစ် လျှောက် ထားစေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လူငယ်ညီလာခံတွင် တိုင်းနှင့်ပြည်နယ် အသီးသီးမှ တက်ရောက်လာမည့် လူငယ်ကိုယ်စားလှယ် များမှ ရွေးချယ်ကာ အဖွဲ့ချုပ် ဗဟိုလူငယ် လုပ်ငန်းအဖွဲ့ကို ရွေး ချယ်တင်မြှောက်ခြင်း၊ စာတမ်းတင်သွင်းခြင်း များကို ပြုလုပ်သွားမည်ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ၂၀၁၃ ခုနှစ် မတ် ၈ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
Eleven Media Group
0 comments:
Post a Comment