Wednesday, December 4, 2013

ဆီးဂိမ်းချန်ပီယံဖြစ်ရမည်ဟု ထိုင်းအသင်း နည်းပြကိုင်တီဆက် ယုံကြည်လျက်ရှိ

ထိုင်းယူ-၂၃အသင်း နည်းပြ ကိုင်တီဆက် ဆီနာမြောင်က မြန်မာဆီးဂိမ်းတွင် ချန်ပီယံဖြစ်ရန်အတွက် သူ၏အသင်းအနေဖြင့် အဆင်သင့်ဖြစ်နေပြီဟုပြောသည်။၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအား ကစားပြိုင်ပွဲအား ဒီဇင်ဘာ ၁၁ မှ ၂၂ ထိကျင်းပမည်ဖြစ်ပြီး အမျိုးသားဘောလုံးပွဲစဉ်များကိုလာမည့် စနေနေ့တွင် စတင်ကျင်းပမည်ဖြစ်သည်။ ထိုင်းအသင်းသည် ဒီဇင်ဘာ ၂ ရက်နေ့တွင်စခန်းဝင် လေ့ ကျင့်ရာ ချင်းမိုင်မှဘန်ကောက်မြို့သို့ ပြန်လည်ရောက်ရှိလာပြီး ဒီဇင်ဘာ ၅ တွင် မြန်မာနိုင်ငံသို့  ရောက်ရှိ မည်ဖြစ် သည်။ ထိုင်းအသင်းသည် အုပ်စု ခ တွင်အိမ်ရှင် မြန်မာ၊ အင်ဒိုနီးရှား၊ တီမော၊ကမ္ဘော ဒီးယားအသင်းတို့နှင့်
အတူ ကျရောက်နေပြီးလာမည့် စနေနေ့တွင်တီမောနှင့်အုပ်စုအဖွင့်ပွဲ ကစားမည် ဖြစ် သည်။ ကစားသမား ဘ၀တွင်ရွှေတံဆိပ် ဆုများရရှိခဲ့သော ကိုင်တီဆက်က“ကျွန်တော့်ကစား သမားတွေ ရဲ့လေ့ကျင့် မှုကို အားရကျေနပ်ပါတယ်။ ကစားသမားအချင်းချင်းနားလည်မှု အားကောင်းနေပြီး ဆီးဂိမ်းအတွက် အသင့်ဖြစ်နေ ပါပြီ”ဟု ပြောသည်။

ကိုင်တီဆက်က လက်ရှိအသင်းမှကစားသမားများတွင် ဆီးဂိမ်း ရွှေတံဆိပ်ဆုရရှိဖူးသူ မပါဝင်ကြောင်း၊ ကစားသမားအများစုအတွက် မြန်မာဆီးဂိမ်းသည် နောက်ဆုံး ဆီးဂိမ်းပြိုင်ပွဲအဖြစ်ပါဝင် ယှဉ်ပြိုင် ကြခြင်း ဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် ကစားသမားတိုင်းက ရွှေတံဆိပ် ဆုရရှိရန် ရည်မှန်းချက်မြင့်မြင့် မားမား ထားရှိထားကြောင်းပြောဆိုသည်။

အသင်းခေါင်းဆောင် သီရာသွန်ဘန်မာသန်က “ကျွန်တော်နဲ့အသင်းဖော်တွေက ဆီးဂိမ်းမှာ အောင် မြင်မှု ရဖို့ယုံကြည်နေကြတယ်။ အားလုံးကပြိုင်ပွဲအတွက်ရှေ့ဆက် ချီတက်ဖို့အသင့်ဖြစ်နေ တယ်။ ဘယ်အသင်း ကိုမှ မကြောက် ဖို့ ကျွန်တော့်အသင်းဖော်တွေကို မှာထားပါတယ်။ ကျွန်တော်ပြီးခဲ့တဲ့ ဆီးဂိမ်းနှစ်ကြိမ် စလုံး ကစားခဲ့ဖူးတယ်။ အဲဒီနှစ်ကြိမ်စလုံးကနေ စိတ်ပျက်ဖွယ်အကြောင်းအရာတွေကို သိခဲ့ပြီးပါပြီ။ ဒါမျိုးနောက် တစ်ကြိမ်ထပ်အဖြစ်ခံမှာမဟုတ်ပါဘူး။ စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့အသင့် ပါပဲ”ဟု ပြောသည်။

ထိုင်းအသင်းသည် ဆီးဂိမ်းတွင် ၁၉၉၃ မှ ၂၀၀၇ ထိ ရှစ်ကြိမ်ဆက်တိုက်ဗိုလ်စွဲထားခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၀၉၊ ၂၀၁၁ ပြိုင်ပွဲများတွင်မူအုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

Mizzima

0 comments:

Post a Comment