Friday, December 6, 2013

သံဃာတော်များ ဆန္ဒထုတ်ဖော်ခြင်း၊ စီတန်းလှည့်လည်ခြင်းမှာ ဥပဒေနှင့် မညီညွတ်သဖြင့် နိုင်ငံတော် သံဃနာယကသို့ တင်ပြရန်နှင့် ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဆုံးဖြတ်

ရဟန်းသံဃာတော်များ ဆန္ဒထုတ်ဖော်ခြင်း၊ စီတန်းလှည့်လည်ခြင်းများမှာ ဥပဒေနှင့် မညီညွတ် သဖြင့် နိုင်ငံတော် သံဃနာယကသို့ တင်ပြရန်နှင့် ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်ရန် ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ အစည်းအဝေး ပြုလုပ်ကာ ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဆုံးဖြတ်ချက်အား နိုဝင်ဘာ ၁၃ ရက်က ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)၌ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဆောင်သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ နိုင်ငံရေးနှင့် လုံခြုံရေး ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် ၁၂၂/၂၀၁၃ ဆုံးဖြတ်ချက် အပိုဒ်(၄)အရ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆုံးဖြတ်ချက်ချပြီးနောက် ရန်ကုန်မြို့ရှိ အရှေ့ပိုင်းခရိုင် အပါအ၀င် ခရိုင်များသို့ ဆက်လက် ပေးပို့ကာ ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ နိုဝင်ဘာ ၂၅ ရက် ရက်စွဲ၊ စာအမှတ်၃/၂၂-၈/ဦး ၁ ဖြင့် အရှေ့ပိုင်းခရိုင် အတွင်းရှိ မြို့နယ်များသို့ ဆက်လက် ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆုံးဖြတ်ချက်အပေါ် လိုက်နာဆောင်ရွက်ရန် ခေါင်းစဉ်ဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားချက် ကို ခရိုင်ထွေအုပ်မှ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများသို့ ညွှန်ကြားချက် ဆက်လက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်မှ စတင်ကာ မြို့နယ်အသီးသီးရှိ သံဃနာယက အဖွဲ့များသို့ လိုက်လံဖြန့်ဝေမှုများ ပြုလုပ်ခဲ့ကာ မြို့နယ် အသီးသီးရှိ ရဟန်းသံဃာတော်များ သီတင်းသုံးနေ ထိုင်ရာ ဘုန်းတော်ကြီး ကျောင်းများသို့ ဆက်လက် ဖြန့်ဝေမှုများ ပြုလုပ်နေကြောင်း တာမွေမြို့နယ်ရှိ ကျောင်း ထိုင် ဆရာတော် တစ်ဦးက ဒီဇင်ဘာ ၄ ရက်တွင် မိန့်ကြားသည်။
ကမ္ဘာ့ဗုဒ္ဓဘာသာ အထွန်းကားဆုံး နိုင်ငံအဖြစ် သတ်မှတ်ထားသည့် မြန်မာနိုင်ငံရှိ ရဟန်းသံဃာတော် များသည် ပြည်သူများမှ အုပ်ချုပ်သူ အစိုးရများ၏ တစ်ဖက်သတ် ဖိနှိပ်မှုများအပေါ် တွန်းလှန်သည့် အခါတိုင်း ပြည်သူများရှေ့မှ မားမားမတ်မတ် ရပ်တည်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရပ်တည်မှုများကြောင့် ယခင်စစ်အစိုးရမှ သံဃာတော်များအား လက်နက်ဖြင့် ပစ်ခတ်နှိမ်နင်းမှု ဖြစ် ပွားခဲ့သည့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးအခင်းမှာ ကမ္ဘာကျော် အရေးအခင်း တစ်ခု ဖြစ်ခဲ့ သည်။
လက်ရှိအစိုးရ လက်ထက်တွင်လည်း သံဃာတော်များ၏ ဆန္ဒထုတ်ဖော်မှု၊ စီတန်းလှည့်လည်မှုမှာ ဆက်လက် ရှိနေဆဲဖြစ်ပြီး ထိုသို့ ဆန္ဒထုတ်ဖော်သဖြင့် သံဃာတော်များအား မီးခိုးဗုံးဟု တာဝန်ရှိ သူများ ပြော ဆိုသည့် ဗုံးဖြင့် ချေမှုန်းခဲ့မှုမှာ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ ၀မ်ပေါင်ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဦးပိုင်တို့ ဖက်စပ် ရင်းနှီးမြှုပ်နှံသည့် လက်ပံတောင်းတောင် စီမံကိန်းနေရာတွင် ဖြစ်ပွားခဲ့ပြီး ဝေဖန်မှုများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင်လည်း လက်ပံတောင်းတောင်ရှိ လယ်တီဆရာတော် သီတင်းသုံးခဲ့သည့် သိမ်တော်နှင့် သာသနိက အဆောက်အအုံများ အတွက် ထိရောက်သည့် လုပ်ဆောင် ရွှေ့ပြောင်းမှုများ မရှိသဖြင့် လက်ပံတောင်းတောင် စီမံကိန်း အနီးတွင် သံဃာတော်များ ပါဝင်သော သပိတ်စခန်းများ ဖွင့်လှစ်ထားသကဲ့သို့ အစ္စလာမ္မစ် အဖွဲ့အစည်းဖြစ်သည့် OIC မှ မြန်မာနိုင်ငံအတွင်း လာရောက်မှုတွင်လည်း သံဃာတော်များ ဦးဆောင်၍ ဆန္ဒထုတ်ဖော်မှု၊ စီတန်းလှည့်လည်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Eleven

0 comments:

Post a Comment