Monday, December 2, 2013

ဘာသာရေးယုံကြည်မှု ထိခိုက်စေသည့်ဆိုင်းဘုတ် ကိုင်ဆောင်ဆန္ဒပြမှုများ အရေးယူမည်

မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၃ ရက်မှ ၁၆ ရက်ထိ လေးရက်ကြာ လာရောက်ခဲ့သော အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ OIC ခရီးစဉ်မတိုင်မီ တစ်ရက်အလိုက ရန်ကုန်တွင် ပြုလုပ်သည့် ကန့်ကွက် ဆန္ဒပြမှု များတွင် ဘာသာရေးယုံကြည်မှုထိခိုက်စေသည့် ဆိုင်းဘုတ်ကိုင်ဆောင်ဆန္ဒပြခြင်းကို အရေးယူရန် စုံစမ်း ဖော်ထုတ်နေသည်ဟု ဗဟန်းမြို့နယ် ရဲစခန်းတာဝန်ရှိ သူတစ်ဦးက ဒီဇင်ဘာ ၁ ရက်တွင် မဇိ္ဈမကို ပြော သည်။

“သူတို့ ခွင့်ပြုချက်တောင်းစဉ်က ဆိုင်းဘုတ်ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်မယ်လို့ တင်ပြထားတာ မပါဘူး၊ ဘာသာသာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) နဲ့ အရေးယူသွားမှာပါ။ ဆိုင်းဘုတ် ကိုင်ဆောင်ရာ မှာ ပါဝင်ခဲ့သူတွေကို စုံစမ်းနေဆဲပါ” ဟု ဗဟန်းမြို့နယ်ရဲစခန်းတွင် ဒီဇင်ဘာ ၁ ရက်က တာ ၀န်မှူး အဖြစ် ထမ်းဆောင်နေသူ ရဲအရာရှိက ပြောသည်။

OIC ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ လာရောက်ရာတွင် သံဃာတော်နှင့် လူပုဂိ္ဂုလ် ၈၀၀ ၀န်းကျင်ခန့်က ရန်ကုန်မြို့ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှ ဆူးလေစေတီတော်အထိ စီတန်းလှည့်လည်ခြင်းနှင့် အင်းစိန်မြို့နယ်အတွင်း စီတန်းလှည့်လည်ခြင်းများကို နိုဝင်ဘာ ၁၂ ရက်က ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

စီတန်းလှည့်လည်ရာတွင် ဒဂုံ၊ ဗဟန်း၊ ပန်းဘဲတန်း၊ ကျောက်တံတားနှင့် မင်္ဂလာဒုံမြို့နယ် ရဲစခန်းများထံ တရားဝင်ခွင့်ပြုချက်ရယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

“ရခိုင်တစ်မျိုးသားလုံး ထိခိုက်နစ်နာမှုနဲ့စာရင် ဒီဆိုင်းဘုတ်ကိုင်တာ မကြီးကျယ်လောက်ဘူး ထင်တယ်။ ကျွန်တော်က ဦးဆောင်ခဲ့သူဖြစ်လို့ တာဝန်ခံဖြေရှင်းသွားမှာပါ” ဟု ရခိုင်လူငယ်များအဖွဲ့ ခေါင်းဆောင် ကိုခင်မောင်လင်းက ပြောသည်။

စီတန်းလှည့်လည်ကြရာတွင် ဘာသာရေး ယုံကြည်မှုကို ထိခိုက်ရာရောက်သည်ဟု ယူဆနိုင်သော ဆိုင်းဘုတ်များ အသုံးပြုမှုကို လိုက်လံတားမြစ်ခဲ့သော်လည်း အချို့ကိုမူစိစစ်နိုင်ခြင်းမရှိခဲ့ဟုလည်း ကိုခင်မောင်လင်းက ဆိုသည်။

Mizzima - News in Burmese

0 comments:

Post a Comment