Monday, December 30, 2013

စက်လှေမှောက်၍ ကျောက်ဖြူတွင် အမျိုးသမီး ၁၇ ဦး သေဆုံး


ကျောက်ဖြူမြို့နှင့် ရှစ်မိုင်ခန့် ဝေးကွာသည့် ဆင်ဘုတ် ကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာမှ ထင်းခုတ်၍ ပြန်လာသည့် စက်လှေသည် ဒီဇင်ဘာလ ၂၇ ရက် ညပိုင်းက တိမ်းမှောက်မှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် အမျိုးသမီး ၁၇ ဦး သေဆုံးခဲ့ကြောင်း ကျောက်ဖြူ မြို့မရဲတပ်ဖွဲ့ စခန်းမှူးက ပြောကြားသည်။

ယင်းစက်လှေ၌ ထင်းခုတ်သွားရန် လိုက်ပါသွားသူ ၄၉ ဦးအနက် စက်တပ်ရေယာဉ်၏ စက်ခန်းအနီးတွင် လိုက်ပါလာသူ ၁၅ ဦးနှင့် အခြားနှစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ သေဆုံးသူများ၏ အလောင်းများကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြန်ရရှိခဲ့ရာ ယင်းနေ့တွင် ၁၆ ဦးကို သင်္ဂြိုဟ်ခဲ့ပြီး ကျန်တစ်ဦးကို ၂၉ ရက်နေ့တွင် သင်္ဂြိုဟ်ကြောင်း ၎င်းကဆိုသည်။

ယင်းလှေပေါ်တွင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၄၀ ဦး လိုက်ပါလာသည်။ 
“ထင်းတွေကို ဝမ်းဗိုက်ထဲ မထည့်ဘူး။ ခေါင်းမိုးပေါ် တင်လာတယ်။ စက်လှေ ဝိတ်မမျှတော့ ရွာကိုရောက်ဖို့ နှစ်မိုင်အလိုမှာ လူးပြီးမှောက်တယ်” ဟု စခန်းမှူးက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စက်လှေပိုင်ရှင်ကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၈၀/၃၀၄ - (က) နှင့် အမှုဖွင့်ထားကြောင်း ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

The Voice Weekly

0 comments:

Post a Comment