နိုင်ငံရေးပုဒ်မများဖြင့် ပြစ်ဒဏ်ခံနေရသူများအပြင်
ကြားနာစစ်ဆေးဆဲခံနေရသူများနှင့် စုံစမ်း အရေးယူဆဲ ခံနေရသူများအား
နိုင်ငံတော်သမ္မတရုံး (အမိန့်အမှတ်၊ ၅၁/၂၀၁၃) ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်
ရက်စွဲဖြင့် နိုင်ငံတော်သမ္မတက အမိန့်တစ်ရပ် ထုတ်ပြန်ကာ
ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြု လိုက်ကြောင်း သိရသည်။
ယင်းလွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နှင့်
ထိုနေ့မတိုင်မီ မတရားအသင်း အက်ဥပဒေပါ ပြစ်မှုများ၊ နိုင်ငံတော်
သစ္စာဖောက်ဖျက်ပုန်ကန်မှု (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂)၊ အကြည်ညိုပျက်အောင်
ပြုလုပ်မှု (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄-က)၊ နိုင်ငံတော်အား
နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်
ဥပဒေပါပြစ်မှုများ၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ
စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါပြစ်မှုများ၊ အများပြည်သူ၏
အကျိုးပျက်စီးစေမှု (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅)နှင့် ၁၉၅၀ ပြည့်နှစ်၊
အရေးပေါ်စီမံမှု အက် ဥပဒေပါပြစ်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း
ခံနေရသူအားလုံးကို ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြုလိုက်ကြောင်း၊ သက်ဆိုင်ရာ
တရားရုံးများရှိ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းပြီး
တရားခံ များအား အမှုမှ ချက်ချင်းလွှတ်ရမည်ဖြစ်ကြောင်းနှင့်
စုံစမ်းအရေးယူဆဲဖြစ်သော အမှုများကို ဆက်လက် အရေး ယူခြင်းမပြုဘဲ
ပိတ်သိမ်းရမည်ဖြစ်ကြောင်း သိရသည်။
ဤအမိန့်အရ ပေးအပ်သော
အခွင့်အရေးသည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နောက်ပိုင်းတွင်
ကျူးလွန်သော အပိုဒ် (၃) ပါ ပြစ်မှုများနှင့် သက်ဆိုင်ခြင်းမရှိစေရဟုလည်း
လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်တွင် ဖော်ပြထားသည်။
ယင်းကဲ့သို့
သမ္မတအမိန့်ဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးမှုအပေါ်
နိုင်ငံရေးနယ်ပယ်မှ ထင်ပေါ်ကျော်ကြားသူအသီးသီးက ကြိုဆိုမှုများ
ပြုလုပ်ခဲ့သည်။
"အခုလို နိုင်ငံရေးပုဒ်မနဲ့ ထောင်ကျနေတဲ့သူတွေကော၊
အမှုရင်ဆိုင်ဆဲသူတွေကော ပြန်လွှတ်ပေး လိုက်တဲ့ သမ္မတကြီးရဲ့
လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို နံပါတ်တစ် ကြိုဆိုတယ်။ နံပါတ်နှစ်
သမ္မတကြီးရဲ့ အခုလိုဆောင်ရွက်မှုကို သမိုင်းက အသိအမှတ်ပြုပါလိမ့်မယ်။
အမျိုးသား ပြန်လည်သင့်မြတ်ရေးကို စွမ်းဆောင်ဖို့ နိုင်ငံရေးအကျဉ်းသားတွေကို
လွှတ်ခဲ့တာပေါ့။ နောက်တစ်ခုက နိုင်ငံရေး အကျဉ်းသားတင်မဟုတ်ဘူး။
နိုင်ငံရေးအကျဉ်းသားနဲ့ နိုင်ငံသားအကျဉ်းသားကြားမှာေ၀၀ါးနေတဲ့
ပုဒ်မလေးတွေရှိတယ်။ အဲလိုပဲ နိုင်ငံရေးအကျဉ်းသား မဟုတ်ဘဲနဲ့
နိုင်ငံရေးပုဒ်မနဲ့ ထောင်ထဲရောက်နေ တဲ့သူတွေလည်းရှိတယ်။
အဲတော့တို့တိုင်းပြည်မှာ နိုင်ငံရေးအကျဉ်းသားနဲ့
နိုင်ငံသားအကျဉ်းသားဆိုပြီး တိကျတဲ့သတ်မှတ်မှု မရှိတဲ့အချိန်မှာ နိုင်ငံသား
အကျဉ်းသားတွေကိုလည်း ရှေ့ဆက်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်" ဟု အမျိုးသား
ဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောကြားသည်။
ယခုပုဒ်မများဖြင့် လွှတ်ပေးမှုတွင် သာယာဝတီထောင်တွင် အကျဉ်းကျခံနေရသည့်
ဗိုလ်မှူးဝင်းနိုင်ကျော် ပါဝင်လာမည်မဟုတ်သေးကြောင်းနှင့် သံချောင်း (ခ)
စ၀်ခွန်ကျော်လည်း ပါဝင်လာမည် မဟုတ်သေးကြောင်း၊ ထောက်လှမ်းရေးများလည်း
ပါဝင်မည်မဟုတ်ကြောင်း၊ ဇန်န၀ါရီပထမပတ်အတွင်း ထပ်မံလွှတ်ပေးမည့်သဘောရှိပြီး
ယင်းကာလတွင်မူ ၎င်းတို့အပြင် သာမန်ပြစ်မှုများဖြင့်
နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရပြီး ကောင်းမွန်စွာ နေထိုင်ခဲ့သည့်သူများပါ
ပြန်လည် လွတ်မြောက် ဖွယ်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ
စိစစ်ရေးကော်မတီအဖွဲ့ဝင်နှင့် နိုင်ငံရေးအကျဉ်း သားဟောင်းများ
ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) မှ ကိုဘိုကြည်က ပြောကြားသည်။
"လွတ်ငြိမ်းချမ်းသာခွင့်ပေးတာတော့ ကောင်းပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ
လွတ်ငြိမ်း ချမ်းသာခွင့်ပေးတာတော့ ကျွန်တော်တို့ လက်ခံပါတယ်။ အစကတည်းက
နိုင်ငံရေးအကျဉ်းသားတွေက ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ အဖမ်းခံရတာလေ။
ရာဇ၀တ်ပြစ်မှုအမျိုးမျိုးနဲ့ ကြံဖန်ပြီး အဖမ်းခံရတာကိုး။
ဒါကိုပြောထားတဲ့အတိုင်း နှစ်ကုန်မှာ လွှတ်ပေးမယ်ဆိုပြီး
လွှတ်ပေးလိုက်တဲ့အတွက် ကျေနပ်ဝမ်းသာ ပါတယ်"ဟု NLD ပြောရေးဆိုခွင့်ရှိသူ
ဦးဝင်းမြင့်က ပြောကြားသည်။
လယ်ယာမြေများ ပြန်လည်ရရှိရေး
လုပ်ဆောင်ခဲ့ကြပြီး ဖမ်းဆီးခံခဲ့ရသည့် လယ်သမားများထဲမှ အချို့မှာမူ
ကျန်ရှိနေနိုင်သေးကြောင်း၊ အဆိုပါကျန်ရှိနေသေးသူများကို ဆက်လက်စိစစ်မှုများ
ပြုလုပ်နိုင်ရန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီမှာမူ
ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်းလည်း ကိုဘိုကြည်က ပြောကြားသည်။
"အခုလို နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးတဲ့ သမ္မတကြီးရဲ့အမိန့်ကို
ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဒါဟာတိုင်းပြည်အတွက် တစ်ဖက်တစ်လမ်းက
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကောင်းမွန်တဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်"ဟု
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
ယခုပုဒ်မများဖြင့် လွှတ်ပေးမှုအရ ဒေါ်နော်အုန်းလှ၊ ကိုရဲမင်းဦး၊ ကိုထင်ကျော်၊
ကိုတင်ထွဋ်ပိုင်၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ဗိုလ်ကြီးနေမျိုးဒွေး
စသူတို့ ပါဝင်လာမည်ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်း သားဟောင်းများ အဖွဲ့မှ
ကိုမြင့်အောင်က ပြောကြားသည်။
Eleven Media Group
0 comments:
Post a Comment