လူဦးရေ ထူထပ်မှုနှင့် မော်တော်ယာဉ် များပြားမှုကြောင့် လေထုအတွင်း
ညစ်ညမ်းမှု ပိုမို များပြားလာသော ရန်ကုန် မြို့တော်တွင် လေထုညစ်ညမ်းမှု
တိုင်းတာသည့် ကိရိယာများ တပ်ဆင်မည် ဖြစ်ကြောင်း ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။
လထု အရည်အသွေး တိုင်းတာရေး ကိရိယာများ တပ်ဆင်ခြင်းကို German
International Co-Operation (ဂျာမန် နည်းပညာ ပူးပေါင်းအဖွဲ့) နှင့် ရန်ကုန်
မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း ဆောင်ရွက် သွားမည်
ဖြစ်ကြောင်း ၎င်းကဆိုသည်။
ထို့အပြင် ရန်ကုန်၏ လူမှုစီးပွား တိုးတက်လာမှုနှင့်အညီ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းလာမှု များကို လျင်မြန်စွာ ဖြေရှင်းရန် ဂျပန်နိုင်ငံ IGES အဖွဲ့အစည်းမှ ခေတ်မီ နည်းပညာများကို အသုံးချသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
လေထု ညစ်ညမ်းမှုဆိုင်ရာ တိုင်းတာသည့် စက်ပစ္စည်းများ တပ်ဆင်မည့် နေရာများကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။
၂၀၁၃ ခုနှစ် အတွင်းတွင် ရန်ကုန်မြို့တွင် မော်တော်ယာဉ်စီးရေ လေးသိန်းကျော်အထိ မြင့်တက်လာပြီး လေထုအတွင်း ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ ပိုမိုပျံ့နှံ့ ရောက်ရှိနေကြောင်း သဘာဝ ပတ်ဝန်းကျင် တက်ကြွ လှုပ်ရှားသူများက ဆိုသည်။
သန်လျင်၊ သာကေတ၊ ရွှေပြည်သာ၊ လှိုင်သာယာနှင့် မှော်ဘီ မြို့နယ်တို့တွင် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် မေလအတွင်း သုတေသနပြု တိုင်းတာခဲ့ရာ၌ သာကေတ မြို့နယ်တွင် Particular Matter (PM10 မှာ120 μg/m3) ရှိပြီး လှိုင်သာယာနှင့် မှော်ဘီမြို့နယ် တို့တွင် Particular Matter (PM10 မှာ102 μg/m3) ရှိခြင်းကြောင့် ယင်းမြို့နယ်များသည် လေထုအတွင်း ဖုန်မှုန့်ပါဝင်မှု အတိုင်းအဆ များပြား နေသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေး ဦးစီးဌာန လုပ်ငန်းခွင် ကျန်းမာရေးဌာနထံမှ သိရသည်။
The Voice Weekly

0 comments:
Post a Comment