လွှတ်တော်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေထိုင်နိုင်ရေးနှင့် ဝင်ငွေနှင့်ထွက်ငွေ အချိုးမျှတစွာသုံးစွဲနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး Good Government နှင့် Clean Government ဖြစ်ရန် ဝန်ထမ်းများကောင်းဖို့လိုကြောင်းပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းက ယခုလ ၂ဝ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင် မြို့ရှိ မြန်မာ သံရုံး၌မြန်မာမိသားစုဝင်များနှင့်တွေ့ဆုံစဉ်ပြောကြားသည်။
လွှတ်တော်က နိုင်ငံ့ဝန်ထမ်းများအတွက် တိုးမြှင့်လစာများရရှိရန် ကြိုးစားခဲ့၍ နှစ်ကြိမ် တိုးမြှင့်ပေး ခဲ့ပြီးဖြစ်သော်လည်း ဆက်လက်၍ ထပ်မံကြိုးစားပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရပ်ခြား၌တာဝန်ထမ်း ဆောင်နေ သည့် သံရုံးဝန်ထမ်းများအတွက်လည်း ဆောင်ရွက်ပေးပြီး ဖြစ်၍ စတင်ခံစားခွင့် ရတော့ မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။
သူရဦးရွှေမန်းက ငယ်စဉ်ကဆယ်တန်းအောင်ရန်ကြိုးစား၍ တက္ကသိုလ်တက်ရာ၌ ကုန်ကျခဲ့ရသည့် စရိတ်များသည် ဘွဲ့ရပြီးအလုပ် လုပ်သည့်အခါ ရသည့်လစာနှင့် မမျှမတဖြစ်နေခြင်းအတွက် မျှတရန် စဉ်းစားသွားမည်ဖြစ်ကြောင်း၊ အချို့အစိုးရဝန်ထမ်းများအနေဖြင့်မိသားစု အတွက် ညဘက် အလုပ်များ ထပ်မံလုပ်ကိုင်နေရသည်များရှိကြောင်း၊ အစိုးရဝန်ထမ်းများ ဂုဏ်သိက္ခာရှိစွာလုပ်ကိုင်နိုင်ရန်နှင့် ဖူလုံသည့် လုပ်ခလစာရရှိရန်လိုအပ်ပါကြောင်း၊ လွှတ်တော်မှဆက်လက်ကြိုးပမ်း ပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့အပြင် မြန်မာနိုင်ငံ၌ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် မည်သူ့ကိုမှချန်ထားခဲ့၍မရကြောင်း၊ တိုင်းရင်းသားပေါင်းစုံနှင့်ဘာသာ ပေါင်းစုံ ပါဝင်ခွင့်ပေးရန်လိုပြီး အတိတ်၌အဆိုပါအချက်အားနည်း ခဲ့၍ ပါတီများကွဲကာ လက်နက်ကိုင်တောခိုခဲ့ခြင်းများသည် ကိုယ့် အမျိုးသားချင်းရန်ဖြစ်ခြင်းပင်ဖြစ်ကြောင်း၊ အခုအခါ ပါတီအချင်းချင်း လုပ်ဖော်ကိုင်ဖက်အဖြစ် သဘောထား၍ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း၊
ပြည်သူထောက်ခံသည့်ပါတီဖြစ်အောင် ပြည်သူယုံကြည်အောင်လုပ်ရန် လိုကြောင်း၊ မြန်မာနိုင်ငံ၏ရှေ့ အနာဂတ်တွင် ပြည်သူများအတိတ်ကလို မခံစားရအောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းပြောကြားသည်။
သူရဦးရွှေမန်းက''နိုင်ငံ့ဝန်ထမ်းတွေရရှိတဲ့လစာစရိတ်တွေက ဘယ်လောက်ရလဲ။ ပုံမှန်နေနိုင်စားနိုင်တဲ့ အခြေအနေရှိလား။
သူဌေးဖြစ်ဖို့ ပြောတာမဟုတ်ဘူး။ မရှိဘူးဆိုရင် ရှိအောင်ကြိုးစားရမယ်။ ရခြင်းမရ ခြင်းကနောက်တစ်ပိုင်း၊ ဒါကြောင့် လွှတ်တော်ဖွဲ့စည်းပြီးနောက်ပိုင်းမှာ ဝန်ထမ်းတွေကို ပြီးခဲ့တဲ့ ဟိုဘက်နှစ်က ၃ဝဝဝဝိ ၊ မနှစ်က ၂ဝဝဝဝိ၊ ၅ဝဝဝဝိ တိုးပေးနိုင်အောင် ငွေကြေးကိုစီမံခန့်ခွဲပေးခဲ့တယ်။ အဲဒီ့မှာ ဒါနဲ့ပတ်သက် လို့ကျေနပ်ပြီ လားဆိုမဟုတ်သေးဘူး။ ထပ်ပြီးကြိုးစား ပေးမယ်။ ဘာကြောင့်လဲဆိုရင် ဝန်ထမ်းတွေ ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာ နဲ့ နေထိုင်စားသောက်နိုင်မှသာလျှင် ဝန်ထမ်းတွေ ကိုယ့်ဂုဏ်၊ ကိုယ့် သိက္ခာနဲ့အညီရပ် တည်နိုင်မယ်''ဟု ဆွေးနွေးပြောကြားခဲ့သည်။
0 comments:
Post a Comment