
အငြင်းပွားနေသော မြန်မာ-အိန္ဒိယ နယ်နိမိတ်ကိစ္စနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် တမူးလူငယ်ကွန်ရက်နှင့် အထက်ချင်းတွင်း လူငယ်ကွန်ရက်တို့မှ ဆန္ဒထုတ်ဖော်ကြမည်ဟု သိရသည်။
"အခု သူတို့က မြေတွေကို ထိုးနေတယ်။ အဲဒါမှာ မြန်မာနိုင်ငံ နယ်နိမိတ်တွေ ပါနေတယ်။ ကျွန်တော် တို့လည်း လွှတ်တော်ကိုယ်စားလှယ်နဲ့ သွားပြီးပြောတယ်။ ဒါပေမဲ့ တိကျတဲ့ အဖြေတစ်ခု ရမလာဘူး။ အဲဒီနေရာကို အိန္ဒိယ အစိုးရက စစ်ဆေးရေး ဂိတ်ကြီးတစ်ခု Integrated Check Post (ICP) တည်ဆောက်ဖို့အတွက် မြေပြင်နေတယ်။ ဒါမြန်မာနိုင်ငံရဲ့ နယ်နိမိတ်တွေထဲ မှာပါနေတယ်။ ဒီကိစ္စကို အထက်အဆင့်ဆင့်သိအောင် ဆန္ဒထုတ်ဖော်မယ်။ မြန်မာနယ်နိမိတ် အတွင်းသို့ အိန္ဒိယအစိုးရမှ နယ်ခြားနယ်နိမိတ်အား ကျူးကျော်ကာ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာအား ထိပါးစော် ကားနေသောကြောင့် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆန္ဒထုတ်ဖော်ခွင့်ပြုမိန့် တင်ခဲ့တယ်" ဟု တမူး လူငယ် ကွန်ရက်မှ ကိုရင်ကိုဦးက ပြောကြားခဲ့သည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ဒီဇင်ဘာ ၂၄ ရက်တွင် ပြုလုပ်ရန်အတွက် တင်ပြထားပြီး၊ ကြွေးကြော်သံ များနှင့် ဆိုင်းဘုတ်များအဖြစ် ၁။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ ၂။ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး မဖျက်ဆီးပါနှင့် ၃။ မြန်မာနိုင်ငံ နယ်နိမိတ်အား ကျူးကျော်ခြင်း လုံးဝလက်မခံပါ ၄။ အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်ဥပဒေအား လေးစားလိုက်နာပါ ၅။ ကဘော်ချိုင့်ဝှမ်းဒေသသည် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာအောက်တွင် တည်ရှိသည် စသည့်စာသားများကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာရေးထိုး၍ ကိုင်ဆောင် ဆန္ဒ ထုတ်ဖော်မည်ဟု သိရသည်။
"တကယ်တော့ နှစ်နိုင်ငံ နယ်စပ်ဆွေးနွေးပွဲတွေမှာ ကျွန်တော်တို့ နိုင်ငံဘက်က ပြတ်သားအောင် မဆွေးနွေးခဲ့တာပါ။ ကျွန်တော်တို့ဘက်က လိုအပ်ချက်တွေပါ။ တကယ်တော့ ဒီနေရာက အငြင်းပွားရာ နေရာပဲလေ။ ဒီလိုမှတ်တိုင်မှာ ဘာမှလုပ်လို့ မရဘူး။ ကျွန်တော်တို့ဘက်က စည်းကမ်းရှိပေမယ့် သူတို့ ဘက်က မလိုက်နာဘူး ဖြစ်နေတယ်" ဟု တမူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထန်လျှံနာ က ပြောကြားသည်။
မြန်မာကိုယ်စားလှယ်များ၏ တောင်းဆိုချက်များအရ ယခုနှစ် နှစ်ဆန်းပိုင်းတွင် ယင်းစီမံကိန်းကို အိန္ဒိယအစိုးရက ခေတ္တခဏ ရပ်ဆိုင်းထားခဲ့သော်လည်း Moreh-Sub-division Police Officer (SDPO) Balram ၏ ဦးဆောင်မှုဖြင့် အဆိုပါ စီမံကိန်းကို အသစ်တစ်ဖန် ပြန်လည်စတင်လာကြခြင်း ဖြစ်သည်။ မြန်မာကိုယ်စားလှယ်များက ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး ရပ်တန့်ပေးရန် SDPO H.Balram ထံ ဒီဇင်ဘာ ၇ ရက်က ထပ်မံတောင်းဆို ခဲ့သော်လည်း H.Balram က ၎င်းတို့၏ တောင်းဆိုမှုကို ငြင်းဆန်ခဲ့သည်ဟု သိရသည်။
"နှစ်နိုင်ငံ နယ်စပ်ပြဿနာက အဆင်မပြေနိုင်ဘူး။ အငြင်းပွားနေတဲ့ BP 77၊ BP 78၊ BP 79 ကြားမှာ ယန္တရားကြီးတွေနဲ့ မြေပြင်မှုတွေက မရပ်သွားဘူး။ နှစ်နိုင်ငံ နယ်စပ်မှာ အငြင်းပွားနေတာ ကိုးနေရာရှိ တယ်လို့ သက်ဆိုင်ရာ ဌာနတွေက ပြောတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ နယ်နိမိတ်တွေကို ကျွန်တော်တို့ ကာကွယ်ရမယ်" ဟု အထက်ချင်းတွင်း လူငယ်ကွန်ရက်မှ ကိုကျော်သက်ဝင်းက ပြောကြား သည်။
(နှစ်နိုင်ငံ အငြင်းပွားနေသော နယ်စပ်မှတ်တိုင် BP 76၊ BP 77၊ BP 79 ကြားတွင် ယန္တရားကြီးများဖြင့် မြေပြုပြင်ထားစဉ်)
Eleven Media Group
0 comments:
Post a Comment