Monday, November 18, 2013

ရေမှ လောင်စာဆီ အဖြစ် ပြောင်းလဲပေးနိုင်သည့် နည်းစနစ် အစ္စရေး သိပ္ပံပညာရှင်များ တွေ့ရှိ

ဂျေရုဆလင် နိုဝင်ဘာ ၁၆
အစ္စရေးနိုင်ငံမှ သိပ္ပံပညာရှင်များသည် ရေမှ လောင်စာဆီအဖြစ် ပြောင်းလဲ ပေးနိုင်သည့် နည်းစနစ် တစ်ခုကို စမ်းသပ်တွေ့ရှိ ခဲ့ကြသည်ဟု အင်တာနက် သတင်းတစ်ပုဒ်၏ ဖော်ပြချက် အရ သိရသည်။
အဆိုပါ နည်းစနစ်တွင် ဖန်လုံအိမ် ဓာတ်ငွေ့တစ်မျိုးနှင့် ရေမှရရှိသည့် ဓာတုဒြပ်စင် တစ်မျိုးတို့ကို ပေါင်းစပ် အသုံးပြုခြင်းဖြင့် လောင်စာဆီကဲ့သို့ အသုံးပြုနိုင်သည့် proto-fuel ကို ဖန်တီးခဲ့ခြင်း ဖြစ် သည်ဟု သိရသည်။
အဆိုပါ နည်းစနစ်တွင် ထူးခြားသည့် မည်သည့် အရာကိုမျှ ထည့်သွင်းထားခြင်း မရှိကြောင်း၊ ၄င်းနည်း စနစ်တွင် အထူးနည်းဖြင့် ဖွဲ့စည်းထားသော ဖန်လုံအိမ် ဓာတ်ငွေ့တစ်မျိုး၊ ရေနှင့် ကာဗွန်ဒိုင် အောက်ဆိုက် တို့ကိုသာ ရောစပ်ထားကြောင်း၊ ၄င်းတို့ကို အထူးပြုလုပ်ထားသည့် ဓာတ်ပေါင်းဖို တစ်ခုအတွင်းသို့ ဖြတ်သန်းစေခြင်းဖြင့် အရည်နှင့် ဓာတ်ငွေ့ နှစ်မျိုးဖြင့် ဖွဲ့စည်း ထားသော အစိမ်းရောင် လောင်စာပိုက်လုံး (Green Feed)ကို ရရှိစေခဲ့ကြောင်း ဓာတု အင်ဂျင်နီယာ ပါမောက္ခ တစ်ဦးဖြစ်သူ မိုတီဟာ့စ်ကိုဝစ်ဇ်က ပြောကြားသည်။
Green Feed ကို အနာဂတ် ကာလတွင် လောင်စာဆီချက် စက်ရုံများတွင် ကုန်ကြမ်းပစ္စည်း အဖြစ် အသုံးပြု သွားနိုင်ကြောင်း၊ ထို့အပြင် ၄င်း Green Feed ကို ဒီဇယ်၊ အင်ဂျင်ဆီနှင့် ဓာတ်ဆီများ ထုတ်လုပ်ရာတွင်လည်း အသုံးပြုနိုင်ကြောင်း ဟာ့စ်ကိုဝစ်ဇ်က ထပ်လောင်း ပြောကြားသည်။
Green Feed နည်းစနစ်သည် ယနေ့ခေတ် ကမ္ဘာ့ ခေါင်းဆောင်များ စိုးရိမ်ပူပန်နေသည့် လောင်စာဆီ ရှားပါးမှု ပြဿနာပေါ်တွင် အထောက်အကူများစွာ ပေးနိုင်ကြောင်း၊ အဆိုပါ နည်းစနစ် အတွက် လိုအပ် သည့် ဟိုက်ဒရိုဂျင်ကို ရေမှ ရယူနိုင်ခြင်းကြောင့် ၄င်းနည်း စနစ်သည် ပတ်ဝန်းကျင်မှ ပြန် လည်ပြည့်ဖြိုးမြဲ လောင်စာဆီများကို အမှန်တကယ် ထုတ်ယူ နိုင်သည့် နည်းစနစ် ဖြစ်ကြောင်း ဟာ့စ်ကိုဝစ်ဇ်က ပြောကြား ခဲ့သည်ဟု သိရသည်။
မြ၀တီ

0 comments:

Post a Comment