Saturday, October 12, 2013

မြန်မာ အသင်း ဂျပန်ကို ဂိုးပြတ်ရှုံးခဲ့ပြီး မြောက်ကိုရီးယားက သြဇီကို ဂိုးပြတ် အနိုင်ရခဲ့သည့် အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် အဖွင့်

ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည့် အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်များတွင် မြန်မာအသင်းက ဂျပန် အသင်းကို ရှုံးနိမ့်သွားခဲ့ပြီး အိမ်ရှင်တရုတ် အသင်းနှင့် တောင်ကိုရီးယားတို့ သရေ ကျခဲ့ကာ မြောက်ကိုရီးယား အသင်းက သြစတြေးလျ အသင်းကို အနိုင်ရသွားခဲ့ကြောင်း သိရသည်။

တစ်သင်းတည်းသော ခြေစစ်ပွဲအောင် အသင်းအဖြစ် ပြိုင်ပွဲကို ၀င်ရောက်ခွင့် ရခဲ့သည့် မြန်မာအသင်းမှာ အဖွင့်ပွဲတွင်ပင် ကံမကောင်းခဲ့ပဲ ဂိုးပြတ်ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ မြန်မာ အသင်း အနေဖြင့် ဂျပန်အသင်းကို ပွဲအစ (၈)မိနစ်မှာပင် အဖွင့်ဂိုး ပေးခဲ့ရပြီး (၇)ဂိုးပြတ် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ယခုပြိုင်ပွဲတွင် အဆင့် (၁)မှ (၃)အတွင်း ၀င်သည့် အသင်းများမှာ ၂၀၁၄ ခုနှစ်တွင် ကနေဒါ နိုင်ငံ၌ ကျင်းပမည့် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်နိုင်မည် ဖြစ်ရာ ဂျပန် အသင်းမှာ မြန်မာ အသင်းအပေါ် ပွဲချိန်ပြည့် တိုက်စစ်ဆင် ကစားသွားခဲ့သည်။ ဂျပန် အသင်းအတွက် ဂိုးများကို ရှီရာကီက ပွဲချိန် (၈)မိနစ်၊ ကူရီရှီးမားက (၁၀)မိနစ်၊ တာနာကာက (၁၂၊ ၁၆)မိနစ်၊ မီချီဂါမီက (၂၆)မိနစ်၊ ဟာမာမိုတိုက (၆၆)မိနစ်နှင့် အီနိုးက နာကျင်အချိန်ပို (၂)မိနစ် များတွင် အသီးသီး သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

အိမ်ရှင် တရုတ်အသင်းနှင့် တောင်ကိုရီးယား အသင်းတို့မှာမူ သရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။ တရုတ်အသင်းမှာ တောင်ကိုရီးယား အသင်းကို (၂)ကြိမ် တိုင်တိုင် ဦးဆောင်နိုင်ခဲ့ သော်လည်း တောင်ကိုရီးယား အသင်းက (၂)ကြိမ်လုံးလိုက်လံ ချေပနိုင်ခဲ့သောကြောင့် သရေရလဒ်သာ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ တောင်ကိုရီးယား အသင်းအတွက် အဖိုးတန် ချေပဂိုးကို ပွဲချိန် (၈၉)မိနစ် အရောက်တွင်မှ လီဂွန်မင်က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ အခြား ပွဲစဉ်(၁)ပွဲဖြစ်သည့် မြောက်ကိုရီးယား အသင်းနှင့် သြစတြေးလျ အသင်းတို့၏ ပွဲတွင်မူ မြောက်ကိုရီးယား အသင်းက (၆-၂)ဂိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

ပွဲစဉ်(၁)ပွဲစဉ်များ အပြီးတွင် မြန်မာကို (၇-၀)ဂိုးဖြင့် အနိုင်ရခဲ့သည့် ဂျပန် အသင်းက အုပ်စုကို ဦးဆောင်နေပြီး အုပ်စု ဒုတိယနေရာတွင် မြောက်ကိုရီးယား အသင်းရှိနေသည်။ အုပ်စု တတိယနှင့် စတုတ္ထနေရာများတွင် တရုတ်နှင့် တောင်ကိုရီးယား တို့ ရှိနေပြီး ပဉ္စမ နေရာတွင် မြောက်ကိုရီးယားကို ရှုံးနိမ့်ခဲ့သည့် သြစတြေးလျ အသင်းရှိနေသည်။ မြန်မာ အသင်းမှာမူ အုပ်စု အောက်ဆုံးတွင် ရောက်ရှိလျှက် ရှိနေသည်။ မြန်မာ အသင်းသည် ဒုတိယမြောက် ပွဲစဉ်အဖြစ် လာမည့် အောက်တိုဘာ (၁၃)ရက် ညနေတွင် တောင်ကိုရီးယား အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

မဇ္ဈိမ

0 comments:

Post a Comment