
တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲ အောက်တိုဘာ ၃၀ ရက် ပထမနေ့မြင်ကွင်း
တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး
ဆွေးနွေးပွဲအပေါ် အခြေခံမူများ ချမှတ်နိုင်ရေးအတွက် တိုင်းရင်းသား
လက်နက်ကိုင်များ၏ လိုင်ဇာ ထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက်တွင်
ကချင် အမျိုးသား လွတ်မြောက်ရေးအဖွဲ့(KIO) ဌာနချုပ် လိုင်ဇာမြို့တွင် စတင်
ပြုလုပ် ခဲ့သည်။
ပထမနေ့ ဆွေးနွေးပွဲတွင် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားက ဆွေးနွေးပွဲ
သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး
စောမူတူးစေးဖိုးနှင့် UNFC ဥက္ကဋ္ဌနှင့် KIO ၏ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး
အင်ဘန်လတို့က အရန်သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။
ဆွေးနွေးပွဲ မစတင်မီ KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားက မိန့်ခွန်းပြောကြားခဲ့ပြီး
ယခု ဆွေးနွေးပွဲမှတစ်ဆင့် တိုင်းရင်းသားများ၏ လိုလားချက်များ၊
အမြင်သဘောထားများကို စုစည်း ဆွေးနွေးခြင်းဖြင့် တူညီသော သဘောတူညီချက်များ
ဖော်ထုတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။
UNFC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လက တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး (Nationwide Ceasefire)၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး (Political Dialogue)၊ တစ်မျိုးသားလုံး အတိုင်းအတာအရ ဆွေးနွေး အဖြေရှာရေး (National Dialogue)၊ ပြည်ထောင်စုဆိုင်ရာ သဘောတူညီချက် (Union Accord) အစရှိသည့် အချက်လေးချက်မှ တစ်ဆင့် ဖက်ဒရယ် ပြည်ထောင်စုကို တပ်မတော်သားများ အပါအ၀င် အင်အားစုအားလုံး ၀ိုင်းဝန်းတည်ဆောက်ကြရန် တိုက်တွန်းခဲ့သည်။
UNFC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လက တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး (Nationwide Ceasefire)၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး (Political Dialogue)၊ တစ်မျိုးသားလုံး အတိုင်းအတာအရ ဆွေးနွေး အဖြေရှာရေး (National Dialogue)၊ ပြည်ထောင်စုဆိုင်ရာ သဘောတူညီချက် (Union Accord) အစရှိသည့် အချက်လေးချက်မှ တစ်ဆင့် ဖက်ဒရယ် ပြည်ထောင်စုကို တပ်မတော်သားများ အပါအ၀င် အင်အားစုအားလုံး ၀ိုင်းဝန်းတည်ဆောက်ကြရန် တိုက်တွန်းခဲ့သည်။
"ဒီနေ့အထိ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးများအပါအ၀င်
ပြည်ထောင်စုသား အားလုံးဟာ ဂုဏ်သိက္ခာမဲ့စွာ၊ မျက်နှာငယ်စွာနဲ့
နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ နေထိုင်လာခဲ့ကြတာ နှစ်ပေါင်း
ခြောက်ဆယ်ကျော်ပါပြီ။ တော်လောက်ပါပြီ။ ၀လောက်ပါပြီ။ ဒါကြောင့်
ညီညွတ်မှုအားနဲ့ သမိုင်း စာမျက်နှာသစ်ကို ဖွင့်ကြပါစို့။ အဖိနှိပ်ခံ
တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ရဲ့ (အဆုံးအဖြတ်
ပေးနိုင်မယ့်)ဆုံးဖြတ်ပိုင်ခွင့် အပြည့်အ၀ရှိကြတဲ့ ထိပ်သီး
ခေါင်းဆောင်ကြီးများ ဖြစ်ကြတာနဲ့အညီ ပြတ်ပြတ်သားသား ဆုံးဖြတ်ကြပါ။
ဆုံးဖြတ်ချက်များကိုလည်း ကတိသစ္စာ တည်ကြသူများပီပီ တစ်သဝေမတိမ်း အကောင်အထည်
ဖော်ကြပါ"ဟု ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံအတွက် စစ်မှန်ပြီး ဂုဏ်သိက္ခာရှိသော
ငြိမ်းချမ်းရေးဆိုသည်မှာ ဖက်ဒရယ် ပြည်ထောင်စု သမ္မတနိုင်ငံ
ထူထောင်ရေးပင်ဖြစ်ပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးသည်သာလျှင်
ပဋိပက္ခအားလုံးကို ချုပ်ငြိမ်းစေမည့် ရေရှည် တည်တံ့ခိုင်မြဲသော
ငြိမ်းချမ်းရေးကို ရရှိစေမည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။
KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက KNU အနေဖြင့် နှစ်ပေါင်း ၆၀
ကျော်ကြာ လက်နက်ကိုင် ပဋိပက္ခ ဆင်နွှဲခဲ့ခြင်းကို သုံးသပ်ရာ၌
အဖြေမထွက်ခဲ့ကြောင်းနှင့် နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေးမှသာလျှင်
အဖြေပေါ်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
"ဒီကွန်ဖရင့်ထဲမှာ ကျွန်တော်တို့ ချဉ်းကပ်မှု၊ ကျွန်တော်တို့ရဲ့
အနေအထားအရ မတူတဲ့အပေါ်မှာ ကွဲလွဲမှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့
ကျွန်တော်တို့ တိုင်းရင်းသား တစ်ရပ်လုံးရဲ့ ဒီနေ့ လိုလားနေတဲ့
လိုလားချက်တွေ ရရှိနိုင်ဖို့အတွက်က ညီညွတ်ရေးက အရေးကြီးပါတယ်။ ခုန
ကျွန်တော်တင်ပြသွားသလို ညီညွတ်ရေးကို ကျွန်တော်တို့ တည်ဆောက်တဲ့ နေရာမှာ၊
နားလည်မှုယူတဲ့ နေရာမှာ ကျွန်တော်တို့ ရပ်တည်ချက်နဲ့ ပထ၀ီ အနေအထားမတူတဲ့
အပေါ်မှာ အမြင်ကတော့ တစ်ထပ်တည်း ဖြစ်သွားမှာကိုတော့ တော်တော်ခဲယဉ်းတယ်။
ဒါကြောင့် ညီညွတ်ရေးကိုသာ ကျွန်တော်တို့က အရတည်ဆောက်ရမှာ ဖြစ်တဲ့အတွက်
ကျွန်တော်တို့ ဖြစ်နိုင်တယ် ဖြစ်ရမယ်ဆိုတဲ့ မတူကွဲပြားခြင်းနဲ့
ညီညွတ်ရေးနည်းက ကျွန်တော်တို့ ရည်မှန်းချက် ညီညွတ်ရေးကို
တည်ဆောက်နိုင်မယ်လို့ ကျွန်တော်တို့ KNU က ဒီလိုပဲ ခံယူထားတယ်"ဟု
ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က ပြောကြားသည်။
အောက်တိုဘာ ၃၀ ရက်တွင် စတင်ခဲ့သော လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲသို့
ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ
(RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ချင်း အမျိုးသားတပ်ဦး(CNF)၊
KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ၊ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော်
(DKBA)၊ ပအိုးဝ် အမျိုးသားလွတ်မြောက်ရေး အစည်းအရုံး(PNLO)၊ ညီညွတ်သော
တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)၊ မြန်မာ့အမျိုးသား
ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA)၊ ရခိုင်ပြည် အမျိုးသားကောင်စီ(ANC)၊
"၀" အမျိုးသားအဖွဲ့ချုပ်(WNO)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU)၊
ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရှမ်းပြည် တိုးတက်ရေးပါတီ
(SSPP/SSA)နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)၊
ရခိုင်တပ်မတော်(AA)နှင့် ကချင် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO) တို့
ဖြစ်ကြသည်။ ဆွေးနွေးပွဲသို့ "၀" သွေးစည်း ညီညွတ်ရေးပါတီ(UWSP/UWSA) နှင့်
မိုင်းလားအဖွဲ့ (NDAA-ESS) အဖွဲ့တို့ကို ဖိတ်ကြားခဲ့သော်လည်း
တက်ရောက်ခဲ့ခြင်းမရှိပေ။
Eleven
0 comments:
Post a Comment