Saturday, October 26, 2013

မန္တလေးတိုင်း ဒေသကြီး တစ်ခုလုံး ၂၄ နာရီ လျှပ်စစ်မီးရရှိရန် လုပ်ငန်းစီမံချက်စတင်

မန္တလေးတိုင်း ဒေသကြီး တစ်ခုလုံး ၂၄ နာရီ လျှပ်စစ်မီး ရရှိရန် လုပ်ငန်းစီမံချက်ကို စတင်အကောင် အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုလက်မှု ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပြောကြား ခဲ့သည်။

ယင်းကဲ့သို့ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များ၊ ကျေးရွာများနှင့် ကျေးရွာခွဲများတွင် ၂၄ နာရီ မီးရရှိရန် အတွက် လပေါင်း ၃၀ အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီးတွင် မြို့နယ်နှင့် ကျေးရွာပေါင်း ၄၇၀၀ ကျော်ရှိပြီး ၂၀၀၀ ကျော်မှာ လျှပ်စစ်မီး မရရှိသေးကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်သွားရန် စတင်စီစဉ်မှုနှင့် ပတ်သက်၍ ''မန္တလေးတိုင်း ဒေသကြီး အတွင်းမှာ ရှိတဲ့ ကျေးရွာ ထက်ဝက်ကျော်က လျှပ်စစ်မီးလုံးဝ မရသေးပါဘူး။ ဒါ့ကြောင့် အကုန်လုံး ရရှိအောင် လ ၃၀ အတွင်း ဆောင်ရွက်သွားပါမယ်။ လျှပ်စစ်မီး ရရှိအောင် နည်းမျိုးစုံနဲ့ ဆောင်ရွက် သွားမယ်။ အဓိကကတော့ ပြည်သူတွေ ပါဝင်ထားတဲ့ အလှူငွေတွေနဲ့ လုပ်သွားမယ်။ အခုချိန် အထိတော့ ဒီလုပ်ငန်းအတွက် အလှူငွေက ကျပ် ၁ ဒသမ ၀၀၅ ဘီလျံ ရရှိနေပါပြီ'' ဟု မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုလက်မှု ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ယခုအချိန်တွင် မန္တလေးတိုင်း ဒေသကြီး တစ်ခုလုံး လျှပ်စစ်မီး ရရှိရန်အတွက် ဆပ်ကော်မတီများဖြင့် စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။

လျှပ်စစ်နှင့်စက်မှု ၀န်ကြီးက ''လျှပ်စစ်မီး ၂၄ နာရီ ရရှိဖို့အတွက် မဟာဓာတ်အားလိုင်း ကိစ္စတွေ ဘယ်ကနေပြီးတော့ ဘယ်လိုနည်းနဲ့ လျှပ်စစ်ထုတ်မယ်ဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးနေပါတယ်။ ဒီလုပ်ငန်းမှာတော့ ပြည်တွင်းက ပညာရှင်တွေ၊ တာဝန်ရှိသူတွေနဲ့ဘဲ ပူးပေါင်းဆောင်ရွက် နေတာပါ'' ဟု ပြောကြားခဲ့သည်။
Eleven

0 comments:

Post a Comment