တရားမျှတမှုမရှိသည့် မြေယာသိမ်းဆည်းခြင်းများ မဖြစ်ပေါ်စေရန် ကာကွယ်ပေးရမည့်အချက် ပါဝင် သည့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေကို အောက်တိုဘာ ၁၂ ရက်က သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သည်။
ဦးဆောင်အဖွဲ့သည် တောင်သူလယ်သမားများ လိုအပ်သည့်သွင်းအားစုများ ရရှိစေရေးနှင့် မြေ ယာနှင့် သက်ဆိုင်သော တည်ဆဲဥပဒေများနှင့်အညီ အကျိုးခံစားခွင့်ရရှိစေရေးအတွက် ဆောင် ရွက်ပေးခြင်း၊ တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့် မျှတသည့် ဈေးနှုန်းနှင့် ဈေးကွက်ရရှိရန် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ တည်ဆဲဥပဒေများနှင့် ညီညွတ် မှုမရှိသော တရားမျှတမှု မရှိသည့် မြေယာ သိမ်းဆည်းခြင်းများ မဖြစ်ပေါ်စေရန် ကာကွယ်ပေးခြင်း၊ လယ်ယာလုပ်သားများ၏ ရထိုက်သောအခွင့်အရေးများအား အပြည့်အ၀ ရရှိစေရန် ကူညီဆောင် ရွက် ပေးခြင်းများကို ဆောင်ရွက်ပေးရမည်ဟု အဆိုပါ ဥပဒေ တွင် ဖော်ပြထားသည်။
အဆိုပါ ဦးဆောင်အဖွဲ့ ဖွဲ့စည်းခြင်းကို ပြည်ထောင်စုအစိုးရ၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မွေးမြူရေး ၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့ကို ဦးဆောင်စေပြီး သင့်လျော်သော ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ တောင်သူလယ်သမားများအား ကိုယ်စားပြုသော အဖွဲ့အစည်းများနှင့် သင့်လျော်သော အခြား အဖွဲ့ အစည်းများ မှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်ဟု ဥပဒေတွင် ပါရှိသည်။
အဆိုပါ ဥပဒေ ပြဋ္ဌာန်းချက်အရ ဦးဆောင်အဖွဲ့ အနေဖြင့် တောင်သူလယ်သမားများ၏ အခွင့်အရေး များနှင့် လယ်ယာမြေ ပိုင်ဆိုင်ခွင့်လုံခြုံစိတ်ချရေးတို့နှင့် စပ်လျဉ်း၍ တောင်သူလယ်သမားများအား ကူညီဆောင်ရွက်ပေးခြင်းနှင့် အကာအကွယ်ပေးခြင်း၊ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေး အဖွဲ့က တင်ပြသော ၀ယ်ယူမည့် ကောက်ပဲသီးနှံ အမျိုးအစားနှင့် ၀ယ်ယူမည့် အစီအစဉ်တို့ကို စိစစ်၍ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြခြင်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ်သည်။
အဆိုပါ ဥပဒေတွင် တောင်သူလယ်သမားဘက်မှ အလိုရှိသည့် လယ်ယာ ထွက်ကုန်များအပေါ် အနိမ့်ဆုံးဈေးနှုန်း သတ်မှတ်ဝယ်ယူပေးရေး မပါဝင်လာဘဲ ယင်းအပေါ် တောင်သူလယ်သမား များနှင့် မြေယာလုပ်သားများ သမဂ္ဂဥက္ကဋ္ဌ ဦးသန်းစိုးက ယင်းကဲ့သို့ ၀ယ်ယူခြင်း မပြုပေးပါက စီးပွားရေး လုပ်ငန်းရှင်ကြီးများသာ အကျိုးများနေဦးမည်ဖြစ်ပြီး နိုင်ငံ တကာ ဈေးနှုန်း နီး ပါး သတ် မှတ်ဝယ်ယူပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သကဲ့သို့ ဦးဆောင် အဖွဲ့တွင် မြန်မာပြည် အနှံ့အပြား က လယ်ယာမြေသိမ်းဆည်းခံရတဲ့ ပြဿနာတွေအပေါ် လိုက်ပါဖြေရှင်းပေးနိုင်တဲ့သူတွေ ပါဖို့လို တယ် ဟု လည်း သုံးသပ်ပြောကြားခဲ့သည်။
Eleven Media Group
0 comments:
Post a Comment