Thursday, October 24, 2013

မြန်မာနိုင်ငံ အင်ဂျင်နီယာ ပညာရေးစနစ် မှားယွင်းလျက်ရှိဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အချို့ ပြောကြား

အင်ဂျင်နီယာ နည်းပညာဆိုင်ရာ ပညာရေးစနစ်မှာ ပညာသင်နှစ် အမျိုးမျိုး ပြောင်းလဲခြင်းနှင့် ဝန်ကြီးဌာနများ မကြာခဏ ပြောင်းလဲ၍ စီမံခန့်ခွဲမှုကြောင့် မှားယွင်းလျက် ရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ခြောက်ဦးက အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။

အရည်အချင်း ပြည့်ဝသော အင်ဂျင်နီယာများ မွေးထုတ်ရေးအတွက် လက်တွေ့ကျကျ ပုံဖော်မည့် ပညာရေးစနစ် အကောင်အထည်ဖော်ရန် မန္တလေးတိုင်းဒေသကြီး အမှတ် (၆) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးမြင့်၏ အဆိုအပေါ် အဆိုပါ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ခြောက်ဦးက အထက်ပါအတိုင်း ထောက်ခံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အင်ဂျင်နီယာ ပညာရေးစနစ်ကို ၁၉၉၇ ခုနှစ် မတိုင်မီက ပညာရေးဝန်ကြီးဌာန၊ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အစရှိသဖြင့် ဝန်ကြီးဌာနများ မကြာခဏ ပြောင်းရွှေ့ စီမံခဲ့သောကြောင့် အင်ဂျင်နီယာ ပညာရေးစနစ်တွင် ချို့ယွင်းချက်များ ဖြစ်ပေါ်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးမြင့်က ပြောကြားသည်။
“၁၉၉၇ ခုနှစ် အင်ဂျင်နီယာ ပညာရေးစနစ်က စနစ်ကျပါတယ်။ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၀ ပြည့်နှစ် အင်ဂျင်နီယာ ပညာရေးစနစ်မှာတော့ နည်းပညာရှင်နဲ့ အင်ဂျင်နီယာ ရောနေတယ်။ ဝန်ကြီး အပြောင်းအရွှေ့တွေကြောင့်လည်း အင်ဂျင်နီယာ ပညာရေးစနစ်က ကျောင်းသားတွေကို စမ်းသပ်ခံခိုင်းသလို ဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။
အင်ဂျင်နီယာ ပညာရေးစနစ်ကို ၂၀၁၂ ခုနှစ် ပြောင်းလဲခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ထပ်မံ ပြောင်းလဲခဲ့သောကြောင့် တစ်နှစ်အတွင်း အင်ဂျင်နီယာ ပညာရေးကို ပြောင်းလဲခဲ့ခြင်းသည် မဖြစ်သင့်ကြောင်း၊ ထို့ပြင် အင်ဂျင်နီယာ ပညာရေးတွင် ပညာသင်နှစ်အမျိုးမျိုး ပြောင်းလဲခြင်း သည်လည်း မဖြစ်သင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ပြောကြားသည်။

၂၀၁၃ ခုနှစ်တွင် စီစဉ်လိုက်သော အင်ဂျင်နီယာ ပညာရေးစနစ်သည် ရတနာပုံခေတ်တွင် စက်မှုနိုင်ငံ ထူထောင်ရန် ကြိုးစားနေသကဲ့သို့ ဖြစ်ကြောင်း၊ ပညာရေး နည်းစနစ် အမှားကြီးကို ရပ်တန့်ရန် အချိန်မီသေးကြောင်း ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီး အမှတ် (၆) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးမြင့်၏ အရည်အချင်း ပြည့်ဝသော အင်ဂျင်နီယာများ မွေးထုတ်ရေးအတွက် လက်တွေ့ကျ ပုံဖော်မည့် ပညာရေးစနစ် အကောင်အထည်ဖော်ရန် အဆိုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက လာမည့် အောက်တိုဘာလ ၉ ရက်မှ ရက်ပေါင်း ၂၂ အတွင်း ပြန်လည် ဖြေရှင်းရမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။


The Voice

0 comments:

Post a Comment