
ဘောလုံးလောကရဲ့ အခုသီတင်းပတ် ကိုတော့ မွေးစားသား ပြဿနာ၊
မွေးစားသား ပြဿနာဆိုတဲ့ စကားကသိမ်းပိုက်သွားတယ်လို့ ပြောရမလို
ပါပဲဗျာ။ ဘောလုံးသမားတစ်ဦးဦးဟာ ကိုယ်မွေးဖွားရာ နိုင်ငံအသင်းအတွက်
မကစားဘဲ နိုင်ငံသားခံယူတဲ့ နိုင်ငံအတွက် ကစားပေးရာကနေ ဒီအသုံးအနှုန်း
ပေါ်ပေါ်က်လာတာပါ။
ဒီသီတင်းပတ်မှာ ဘရာဇီးကစားသမား ဒီယေဂိုကော်စတာနဲ့ အဲဒီပြဿနာစခဲ့ပြီး ဂျာနူဇက်နဲ့ ဇာတ်ရှိန်တက်လာခဲ့ပြီးနောက်မှာတော့
မန်ယူတိုက်စစ်မှူး ရွန်နီပါ ဒီဇာတ်လမ်းထဲ ပါလာခဲ့ပါပြီ။ ရွန်နီက
အင်္ဂလန်မှာဖွားတဲ့ အင်္ဂလန်သားဆိုတာ စာဖတ်သူတို့လည်း သိကြပြီးဖြစ်မှာပါ။
ဒါပေမဲ့ သူ့အဖွားက စကော့တလန်သူဆိုတော့ ရွန်နီ အသက်(၁၆)နှစ်အရွယ်မှာ
စကော့တလန် ဘောလုံးအသင်း တာဝန်ရှိသူတွေက သူတို့နိုင်ငံအသင်းအတွက်
ကစားပေးနိုင်မလားဆိုပြီး မေးမြန်းလာခဲ့တာပါပဲ။
အဲဒီအချိန်တုန်းက
(၁၆)နှစ်သား ရွန်နီဟာ အင်္ဂလန် လက်ရွေးစင်အသင်းကြီးအတွက်
မကစားပေးရသေးတာကြောင့်လည်း စကော့တလန်ဘက်က အခုလို မေးလာခဲ့တာဖြစ်ပါတယ်။
ဒီအကြောင်းကို ပြန်ရင်ဖွင့်လာတာက စကော့တလန်နည်းပြဟောင်း ဘာတီဗောက်ပါ။
“ရွန်နီကို စကော့တလန်အတွက် ကစားပေးမလားဆိုပြီး ကျွန်တော် မေးခဲ့ဖူးပါတယ်။
အဲဒီတုန်းက သူ့အဖွားလည်း အဲဒီတုန်းက ပါတယ်ဗျ။ ရွန်နီကို
အဲဒီကိစ္စမေးမြန်းဖို့ ကျွန်တော် ဂလက်စကိုကနေ အဲဗာတန်ကို လာခဲ့ရတာပေါ့”
ဒီလိုမေးမြန်းခဲ့တဲ့ ဘာတီဗောက်ဟာ ရွန်နီရဲ့တုံ့ပြန်မှုကိုလည်းမြင်ရော ကိုယ့်ရင်ဘတ်ကိုယ်လက်နဲ့ ဖိထားရတဲ့အဖြစ်ရောက်သွားခဲ့ပါတယ်။
ရွန်နီဆိုတာကလည်း စာဖတ်သူတို့ သိတဲ့အတိုင်း စိတ်ကကြီးသားမဟုတ်လားဗျ။
ဘာတီဗောက်က အဲဒီလို မေးလိုက်တဲ့အချိန်မှာ ရွန်နီက “ကျွန်တော်က
အင်္ဂလိပ်လူမျိုးဗျ။ ကျွန်တော်က အင်္ဂလိပ်လူမျိုး”လို့ ဒေါသတကြီး
ထအော်ခဲ့ပါတယ်တဲ့။ ရွန်နီရဲ့အဖြစ်က ကော်စတာ၊ ဂျာနူဇက်တို့နဲ့တော့ မတူပါဘူး။
ကော်စတာဟာ ဘရာဇီးမှာ မွေးပြီး စပိန်နိုင်ငံသား ခံယူထားသူဖြစ်သလို
ဘရာဇီးအသင်းကြီးအတွက် ခြေစမ်းပွဲ(၂)ပွဲ ကစားခဲ့ပြီးကာမှ
စပိန်လက်ရွေးစင်အသင်းကို ကိုယ်စားပြုဖို့ ဆုံးဖြတ်ခဲ့သူပါ။ ဂျာနူဇက်ကတော့
ဘယ်လ်ဂျီယံမှာမွေးလို့ ဘယ်ဂျီယံအသင်းအတွက် ပါဝင်ပေးနိုင်သလို
အယ်ဘေးနီးယားမိဘနှစ်ပါးက ဖွားမြင်ခဲ့သူဆိုတော့ အယ်ဘေးနီးယားအတွက်လည်း
ကစားခွင့်ရှိနေသလို တူရကီ၊ ဆားဘီးယားတို့ကလည်း ဖြစ်နိုင်ရင်
မွေးစားချင်နေတာပါ။ ဒါပေမဲ့ ဆန်းဒါးလန်းဘက်ကို (၂)ဂိုးသွင်းပြီးချိန်မှာ
သူ့ကို အင်္ဂလန်က ကောက်ကာငင်ကာ လိုချင်လာပြီး ဂယက်မျိုးစုံ
ရိုက်ခတ်လာခဲ့တာဖြစ်ပါတယ်။ ဒီပြဿနာကို ဘယ်လိုဆုံးဖြတ်ရမလဲ၊
ဆုံးဖြတ်သင့်သလဲဆိုတာ ကိုယ့်ရဲ့မတောက်တခေါက် သိမှုမျိုးနဲ့ မအပ်စပ်လို့
ဘယ်လိုမှ မထင်ချင်ပါဘူး။ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေး ကိုသာ
ဝေမျှစေချင်တဲ့ သဘောမျိုးနဲ့ ရေးသားလိုက်ရတာဖြစ်ပါတယ်။
http://yoyarlay.com/sport/football/38308-2013-10-10-16-31-10
ဇော်ထွန်း(ရိုးရာလေး)
0 comments:
Post a Comment