Friday, October 18, 2013

တစ်ထောင်တန်အတုများရောနှောအသုံးပြု၍ ရွှေဝယ်ယူမှုများရှိလာ

ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင်၌ငွေစက္ကူ အတုများနှင့်အစစ်များကို ရောနှောအသုံးပြု၍ ရွှေဝယ်ယူသွားသူနှင့် အပေါင်းအပါများအား နိုင်ငံတော်ဗဟိုဘဏ်ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

လှိုင်သာယာမြို့နယ်ရှိ ရွှေဆိုင်တစ်ခု၌ အောက်တိုဘာ ၁၀ ရက်နေ့က ရွှေလာ ရောက်ဝယ်ယူသည့် အမျိုးသမီး တစ်ဦးမှ ငွေရှင်းထွက်ခွာခဲ့ပြီးနောက် ထိုအမျိုးသမီးပေးခဲ့သည့်ငွေများကို ဆိုင်ရှင်ဖြစ်သူမှ မသင်္ကာ၍စစ်ဆေးခဲ့ရာမှ ငွေစက္ကူအတုများဖြစ်ကြောင်း သိရှိခဲ့ရသည်။

လှိုင်သာယာမြို့နယ်မီးခွက်ဈေးရှိ နန်းထိုက်အောင်ရတနာဆိုင် သို့ဒေါ်ချိုချိုမြင့် ၀ါးခယ်မမြို့နယ်တွင် နေထိုင်သည်ဟု လိပ်စာပေးသွားသူက မိုးယုစံအက်စ်လိမ် လက်ကောက်(၂)ကွင်း၊ ဘတ်စ်လိမ်၊ ခြင်းလုံးဆွဲကြိုး(၁)ကုံး၊ စုစုပေါင်း ရွှေ အလေးချိန်(၁၃)ပဲ(၇)ရွေးအား တန်ဖိုးငွေကျပ် ၅၈၀၀၀၀ (ငါးသိန်းရှစ်သောင်းကျပ်)ဖြင့်ဝယ်ယူခဲ့ရာ တစ်ထောင် ကျပ်တန် ငွေစက္ကူအသေးအရွက်ရေ ၅၈၀ ရွက်အားပေးခဲ့ပြီး ဆိုင်မှပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ရွှေဆိုင်ပိုင်ရှင်က ဆိုသည်။

ရွှေဝယ်ယူသူအမျိုးသမီးပြန်လည်ထွက်ခွာသွားခဲ့ပြီးနောက် ဆိုင်ပိုင်ရှင်ဖြစ်သူမှ အဆိုပါငွေများအား စစ်ဆေးရာ၌ တစ်ထောင်ကျပ်တန်ငွေစက္ကူအသေး ၅၈၀ အနက် ၂၃၃ ရွက်မှာ အတုဟု မသင်္ကာဖြစ်သောကြောင့် ငွေများကို လှိုင်သာယာရဲစခန်းသို့ ပို့အပ်ခဲ့သဖြင့်အမှတ်(၇)မှုခင်းတပ်ဖွဲ့စု (ရန်ကုန်)မှ တရားခံအားဖမ်းဆီးရမိရေး ဆက်လက် စုံစမ်းနေဆဲဖြစ်သည်ဟု သိရသည်။

“ငွေအတုနဲ့အစစ် ဘယ်လိုကွဲပြား ခြားနားလဲဆိုတာ အသေးစိတ်ကိုတော့ နေပြည်တော်က ငွေတုကျွမ်းကျင်ဌာနကပဲ သိမှာပါ။ ကျန်တဲ့အပိုင်းတွေကတော့ ပြောခွင့်မရှိပါဘူး။”ဟုအမှတ်(၇)မှုခင်း တပ်ဖွဲ့စု (ရန်ကုန်)မှ ရဲအရာရှိတစ်ဦးက ပြောသည်။

စုံစမ်းခဲ့ရာတွင် ဒဂုံဆိပ်ကမ်းမြို့နယ်နေသူ ခင်မာကြူ နှင့်အပေါင်းအပါများဖြစ်ကြောင်း အတည်ပြုစုံစမ်းသိရှိရသဖြင့် ၎င်းတို့အပေါ်အရေးယူပေးရန် အမှတ်(၇)မှုခင်းတပ်ဖွဲ့စုမှ တရားလိုပြုလုပ်တိုင်တန်းသောကြောင့် လှိုင်သာယာမြို့နယ် ရဲစခန်းမှ ၂၀၁၃ခုနှစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်ပြီး အမှတ်(၇)မှုခင်းတပ်ဖွဲ့စု (ရန်ကုန်)မှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ငွေစက္ကူအတုများ မကြာခဏတွေ့ရှိဖမ်းဆီးရမိလျက်ရှိကာ အောက်တိုဘာ ၆ ရက်နေ့ က မင်္ဂလာတောင်ညွန့်မြို့နယ်၌ ငါးထောင်ကျပ်တန်ငွေစက္ကူအတုများ ဖမ်းဆီးရမိခဲ့ပြီး၊ အောက်တိုဘာ ၉ ရက်နေ့က လည်း တာမွေမြို့နယ်၌ ငွေစက္ကူအတုအရောင်း အ၀ယ်ပြုလုပ်သူများထံမှ တစ်ထောင်ကျပ်တန်ငွေစက္ကူအတု (အသေး) ၅၀၄၃ ရွက်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Myit Ma Kha Media Group

0 comments:

Post a Comment