Wednesday, October 16, 2013

ဗုံးပေါက်ခွဲမှုများအပေါ် ပုဂ္ဂိုလ်ချို့၏အမြင်

ယခုလ ၉ ရက်မှစတင်၍ ယနေ့အထိ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး စသည်တို့တွင် လက်လုပ်ဗုံးပေါက်ကွဲမှုများ၊ မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးများ၊ ဗုံးပါဝင်သည်ဟု သံသယဖြင့် စစ်ဆေးရမှုများဖြစ်ပွားခဲ့ပြီး ပြည်သူများအကြား တွင်လည်း စိုးရိမ်ကြောင့်ကြမှုများရှိရာ အဆိုပါဖြစ်ရပ်များအပေါ် သက်ဆိုင်ရာပုဂ္ဂိုလ်တို့က အောက်ပါအတိုင်း ထင်မြင်သုံးသပ်ကြသည်။

ဦးဌေးဦး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ)

တစ်အချက်ကတော့ဗျာ ဖျက်ဆီးရင်တော့ ပျက်စီးတာပေါ့။ ဖျက်ဆီးဖို့ဆိုတာ လွယ်ပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ကျွန်တော်သဘောမကျပါဘူး။ ကျန်တဲ့ပြည်သူတွေအားလုံးလဲ သဘော မကျပါဘူး။ ဒါကြောင့် ဒီဖြစ်စဉ်တွေအားလုံးနဲ့ပတ်သက်လို့မလုပ်သင့်ဘူးလို့ဘဲ ကျွန်တော် မြင်ပါတယ်။ မလုပ်သင့်ပါဘူး။ ဒါကြောင့် ပြည်သူတွေအပိုင်းကလဲသိတယ်၊ မြင်တယ်၊ ကြား တယ်ဆိုရင် သက်ဆိုင်ရာကိုအကြောင်းကြားရမှာပေါ့။ ဖျက်ဆီးရင် ပျက်စီးမယ်ဗျာ။ ကောင်းတာ မှမဟုတ်တာ၊ တိုးတက်မှု မဟုတ်ဘူးလေ။ ကျွန်တော်တို့နိုင်ငံက ပါတီစုံဒီမိုကရေစီစနစ်ဖြစ် နေပြီလေဗျာ။ ပါတီစုံလမ်းကြောင်းဖြစ်နေတယ်ဆိုတော့ အရာရာကို ဆွေးနွေးညှိနှိုင်းပြီးတော့ ဒါအကောင်းဆုံးလမ်းကြောင်းရှာပြီး လုပ်ဆောင်ကြဖို့ပဲဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည် (ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ)

တရားဥပဒေစိုးမိုးရေးအနေဖြင့် ကြည့်မည်ဆိုပါက တရားခံများကို အမြန်ဆုံးဖော်ထုတ်နိုင် ရန်လိုအပ်ပြီး အဆိုပါကိစ္စသည် ပြည်သူ့လွှတ်တော် အုပ်ချုပ်ရေးပိုင်းနှင့်သက်ဆိုင်သည်ဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်သည်။
အခြားနိုင်ငံများတွင်လည်း ယင်းကဲ့သို့ဖြစ်တတ်ပြီး အရေးကြီးသည်မှာ မည်သူလုပ်သည်ကို အမြန်ဖော်ထုတ်ရန်ဖြစ်ကြောင်း၊ ဗုံးကိစ္စများကြောင့် ပြည်သူများစိုးရိမ်ကြမည်ဖြစ်သော်လည်း မိမိတို့ပြည်သူများသည် ခေါင်းအေးအေးနှင့် စဉ်းစားတတ်ပါကြောင်း၊ အဆိုပါကိစ္စများသည် တမင်လှုပ်လှုပ်ရှားရှားဖြစ်အောင်ဆွခြင်းဖြစ်၍ ယင်းထောင်ချောက်ထဲမဝင်သွားရန်သာလိုအပ် ပါကြောင်း ၄င်းကပြောသည်။

ဦးရဲထွဋ်(နိုင်ငံတော်သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ)

အခုတော့ လူတွေအလွယ်တကူ ဝင်ထွက်သွားလာနေတဲ့နေရာမျိုးတွေမှာ သတိပေးထား တာပေါ့။ လုပ်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကလဲ ကွဲတာထက်ပိုပြီး လူတွေအကြောက်တရား ဖြစ်စေတာမျိုး၊ ဆီးဂိမ်းနီးလာပြီ၊ အာဆီယံဥက္ကဋ္ဌ ဖြစ်လာပြီ။ ကျန်တဲ့ကိစ္စတွေလဲ ဖြစ်ခဲ့တာ လေးတွေရှိတော့ အဲဒီကြားထဲမှာ လူတွေကို ပိုပြီးတုန်လှုပ်ချောက်ချားစေအောင်၊ မြန်မာနိုင်ငံရဲ့ ပုံရိပ်အပေါ် ထိခိုက်လာစေအောင်လုပ်တာလို့ ကျွန်တော်တို့ထင်တယ်။ ဘယ်အဖွဲ့က လုပ်တာလဲ ဆိုတာတော့ လောလောဆယ်မပြောနိုင်သေးဘူး။ ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းအားလုံးကိုတော့ လိုက်ရှာနေတာပေါ့။

စုံစမ်းတဲ့ကိစ္စတွေကတော့ မပြောနိုင်သေးဘူး။ အခုခေတ်က နိုင်ငံတကာမှာလဲ အကြမ်း ဖက်မှုနှိမ်နင်းရေးလုပ်ငန်းမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေရှိတယ်။ အီလက်ထရွန်နစ် ပစ္စည်းတွေ က အရမ်းရှာရတာလွယ်တယ်လေ။ ယမ်းအမျိုးအစားတွေကလဲ အရင်ကလို အများကြီး သုံးစရာမလိုတော့ဘူး။ သေးသေးလေးနဲ့ ပေါက်ကွဲအားပြင်းတဲ့ယမ်းတွေရှိတယ်။ လက်ပစ်ဗုံး အဟောင်းထဲမှာ စနက်တံထည့်ပြီးသုံးတာတွေရှိတယ်။ လုပ်တဲ့အခါမှာလဲ အရင်တုန်းကလို ဗုံးတွေဘာတွေဆင်တဲ့အခါမှာ သိပ်မခက်ခဲတော့ဘူးလေ။ ဘာမှမလုပ်တတ်တဲ့သူတောင်မှ ပစ္စည်း တစ်ခုပေးလိုက်ပြီး မင်းဟိုရောက်ရင် ဒီခလုတ်အနီလေးကိုဖွင့်လိုက်၊ ပြီးရင်ထားပစ်ခဲ့လိုက် လို့ ပြောလို့ခိုင်းလို့ရတဲ့ အမျိုးအစားဖြစ်နေတယ်။ ဒါကတော့ နိုင်ငံတကာမှာလဲ ရင်ဆိုင်ရတဲ့ ပြဿနာပေါ့။ ဒါကြောင့်မို့ တတ်နိုင်သမျှ သတိထားပြီးဆောင်ရွက်ဖို့နဲ့ ဖော်ထုတ်ဖို့တော့လုပ်နေ တာပေါ့။

ဒီကိစ္စကြောင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုတော့ မထိခိုက်နိုင်ပါဘူး။ ငြိမ်းချမ်း ရေးဖြစ်စဉ်ကတော့ နှစ်ဖက်စလုံးက ဘယ်လိုဖြစ်ဖြစ် ငြိမ်းချမ်းရေးရအောင်တည်ဆောက်မယ်လို့ ဆုံးဖြတ်ထားတဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးကတော့ သမ္မတကြီးမျှော်မှန်းထားတာတော့ နိုဝင်ဘာ လလောက်အတွင်းမှာ သဘောတူညီချက်တစ်ခုလောက်တော့ လက်မှတ်ထိုးနိုင်လိမ့်မယ်လို့ မျှော်မှန်းပြီးဆောင်ရွက်တာပေါ့။ ဒါတွေကသီးခြားစီပါ။ ဘာမှထိခိုက်စရာ အကြောင်းမရှိပါဘူး။ ကျွန်တော်တို့တစ်ခုခုနှောင့်နှေးသွားရင်လဲ အဲလိုလုပ်ချင်တဲ့သူတွေရဲ့ ရည်ရွယ်ချက်အောင်မြင် သွားမှာပေါ့ဗျာ။ ဒါမျိုးတော့ ကျွန်တော်တို့အဖြစ်မခံပါဘူး။

The Union Daily

0 comments:

Post a Comment