Friday, October 25, 2013

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်အတွက် ကန့်သတ်ထားသည့် အခြေခံဥပဒေပါ ပုဒ်မကို ပြင်သင့်ဟု သူရဦးရွှေမန်းပြော

အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်မှ ပိတ်ပင်ထားသည်ဟု အများ က ယုံကြည်ထားသည့် အခြေခံဥပဒေပါ သမ္မတအရည်အချင်းပြဋ္ဌာန်းချက်များကို ပြင်မှသာ လွတ်လပ်မျှ တသည့် ရွေးကောက်ပွဲဖြစ်မည်ဟု သူရဦးရွှေမန်းက အောက်တိုဘာ ၂၄ ရက်က မီဒီယာများကို ပြောဆို လိုက်သည်။

“တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရင်တောင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၅၉(စ)မှာ တားမြစ်ထား တဲ့ကိစ္စကြောင့် ဒီဟာသည် free and fair (လွပ်လပ်ပြီးတရားမျှတဖို့) ဖြစ်ပါသလားဆိုတဲ့ မေးခွန်းနဲ့ပတ် သက်ပြီးတော့ free and fair ဖြစ်ဖို့အတွက်တော့ ဆောင်ရွက်ဖို့လိုတယ်လို့ပဲ ဒီလိုပဲ ပြောချင်ပါတယ်ဟု ၂၀၁၅ တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကို ရည်ညွှန်းကာ ပြောသည်။

အောက်တိုဘာ ၂၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အပြီး မီဒီယာများ၏ မေးမြန်းမှုကို ရှင်း လင်းပြောကြားရာတွင် သူရဦးရွှေမန်းက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

သမ္မတ၊ ဒုသမ္မတ ဖြစ်ခွင့်ရှိသူ၏ အရည်အချင်းကန့်သတ်ချက်များနှင့် ပတ်သက်၍ ၂၀၀၈ဖွဲ့စည်းပုံအခြေ ခံဥပဒေ အခန်း(၃)၊ ပုဒ်မ(၅၉)(စ)တွင် “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ ဇနီး သို့မဟုတ် ခင်ပွန်း၊ သားသမီး၊ သားသမီး၏ ဇနီး/ခင်ပွန်းသည် တိုင်းတစ်ပါး၏ နိုင်ငံ သားဖြစ်သူများ မဖြစ်စေရ”ဟု ပါရှိသည်။

သမ္မတနှင့် ဒုသမ္မတများ၏ အရည်အချင်းကန့်သတ်ချက်နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယင်းပုဒ်မသည် မိမိအတွက်၊ နိုင်ငံအတွက် မလိုအပ်သဖြင့် ပြင် ဆင်ရမည့်ပုဒ်မဖြစ်သည်ဟု ၂၀၁၃ ခုနှစ် ဇန်န၀ါရီလက ပြည်သူ့လွှတ်တော်တွင် သတင်းထောက်များကို ပြောကြားခဲ့ဖူးသည်။

အထက်ပါဥပဒေကို ပြင်ရမည်ဟု သူရဦးရွှေမန်းက ပြောဆိုခဲ့သည့်အပြင် ၎င်းဥပဒေပါသည့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် အင်အားကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပါဝင်ခဲ့ သည်ဟုလည်း ၎င်းက ပြောဆိုခဲ့သေးသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲတဲ့နေရာမှာရော ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေး စနစ် ဖော် ဆောင်တဲ့နေရာမှာရော ပြည်ခိုင်ဖြိုးပါတီ ပါခဲ့ပါတယ်”ဟု မီဒီယာများ၏ မေးမြန်းမှုကို သူရဦးရွှေမန်းက ပြောဆိုခဲ့သည်။

သမ္မတဖြစ်ရန် ဆန္ဒရှိသည်ဟုလည်း ပြောဆိုထားဖူးသည့် သူရဦးရွှေမန်းက ၎င်းအနေဖြင့် အဆင်သင့် ဖြစ်နေပြီဟုလည်း ဆိုသည်။

“မိမိဆောင်ရွက်ချက်ဟာ နိုင်ငံတော်နဲ့ နိုင်ငံသားအတွက်ပဲ အဓိကထား ရှေးရှုပါတယ်။ ဒီလိုနိုင်ငံနဲ့ နိုင်ငံ သားအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်နေတဲ့ လူတစ်ယောက်အဖို့ နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင် ဖို့ဆိုတာ ဘာမှ ခဲရာခဲဆစ်မရှိပါဘူး”ဟု ၎င်းက ပြောသည်။

၎င်း၏ ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍လည်း “အချိန်မရွေးအစစ်ခံနိုင်တယ်။ အချိန်မရွေး လာမေးနိုင်တယ်” ဟုလည်း ထိုရှင်းလင်းပွဲတွင် သူရဦးရွှေမန်းက ထည့်ပြောသွားသည်။
Mizzima

0 comments:

Post a Comment