မြန်မာနိုင်ငံလူဦးရေ၏ထက်ဝက်ခန့်ရှိသော
လုပ်သားထုများအတွက် တိကျခိုင်မာသည့် အလုပ်သမား ဥပဒေ တစ်ရပ် ပြဋ္ဌာန်းနိုင်ရန်
အမျိုးသားလွှတ်တော်တွင် ဆွေးနွေးမည် ဖြစ်ကြောင်း ယင်းလွှတ်တော် ဥက္ကဋ္ဌ
ဦးခင်အောင်မြင့်က ပြောကြားသည်။
အလုပ်သမား
အခွင့်အရေးများကို ပြန်လည် သုံးသပ်၍ အလုပ်သမားဥပဒေ ရေးဆွဲရန် အောက်တိုဘာလ ၉
ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး
မဲဆန္ဒနယ် အမှတ် (၈) မှ ဒေါက်တာမြင့်ကြည်က ပြည်ထောင်စုအစိုးရသို့
တိုက်တွန်းသည့် အဆိုတစ်ရပ် တင်သွင်းရာ လွှတ်တော်က ဆွေးနွေးရန် သဘောတူခြင်း
ဖြစ်သည်။
သို့သော် ဆွေးနွေးမည့် အချိန်အတိအကျကိုမူ သတ်မှတ်ခြင်း
မရှိသေးဘဲ ထပ်မံ ကြေညာမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက
ပြောကြားသည်။
မြန်မာနိုင်ငံတွင် အလုပ်သမား အခွင့်အရေးနှင့်
သက်ဆိုင်သည့် ဥပဒေများမှာ ၁၉၅၁ ခုနှစ်က ပြဋ္ဌာန်းသည့် အလုပ်ရုံများ အက်ဥပဒေ၊
ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပဒေ၊ ၁၉၃၆ ခုနှစ်က ပြဋ္ဌာန်း ထားသည့် လုပ်ခနှင့်
အခကြေးငွေပေးချေမှုဆိုင်ရာ ဥပဒေတို့သာ ရှိနေကြောင်း ဒေါက်တာမြင့်ကြည်က
ထောက်ပြသည်။
လက်ရှိမြန်မာနိုင်ငံ၌ လုပ်သားအင်အား သန်း ၃၀ ကျော်
ရှိနေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာနိုင် မှုကြောင့်
လုပ်သားထုအင်အား ထပ်မံတိုးပွားလာမည် ဖြစ်၍ အလုပ်သမားဆိုင်ရာ ကဏ္ဍများ ကို
ပြင်ဆင်ထားရန် လိုအပ်ကြောင်း ဒေါက်တာမြင့်ကြည်က ပြောကြားသည်။ “တစ်စစီ
ရှိနေတဲ့ ဥပဒေတွေ ကို ပြန်လည် မွမ်းမံမယ်ဆိုလည်း ကောင်းပါတယ်။ ပြည့်စုံတဲ့ ဥပဒေတစ်ရပ် ရေးဆွဲနိုင်ရင်တော့ ပိုကောင်း တာပေါ့” ဟု ၎င်းကဆိုသည်။
အဋ္ဌမအကြိမ်
လွှတ်တော်ပုံမှန် အစည်းအဝေးများတွင် အလုပ်သမားများနှင့် သက်ဆိုင်သည့်
ဥပဒေလေးခု ကို ပြင်ဆင် ပြဋ္ဌာန်းနိုင်ရန် အလုပ်သမား၊ အလုပ်အကိုင်နှင့်
လူမှုဖူလုံရေး ဝန်ကြီးဌာနက ရှေ့နေချုပ်ရုံးသို့ တင်ပြထားပြီး ၁၉၅၁
ခုနှစ်တွင် ပြဋ္ဌာန်းသည့်ဥပဒေများ ပြင်ဆင်မည့်စာရင်းတွင်ပါဝင်ကြောင်း
မြန်မာနိုင် ငံ တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာ ကော်မတီက ပြော
ကြားထားသည်။
အစိုးရသစ်လက်ထက် အလုပ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပဒေကို
၂၀၁၁ ခုနှစ် စက်တင်ဘာလ အတွင်း ပြဋ္ဌာန်းခဲ့သဖြင့် အလုပ်သမားသမဂ္ဂများ
စည်းမျဉ်းများနှင့်အညီ လွတ်လပ်စွာဖွဲ့စည်းခွင့် ရရှိထား သည်။
The Voice Weekly
0 comments:
Post a Comment