Tuesday, October 29, 2013

ဖာဂူဆန်သည် မိမိနှင့် မျက်နှာချင်းဆိုင် မရှင်းရဲဟု ဘော့စနစ်ခ်ျ စိန်ခေါ်


ဖာဂူဆန်သည် ဘောလုံးလောကမှ အနားယူသွားခဲ့သည့်နောက် ကိုယ်ရေးအထုပ္ပတ္တိ စာအုပ်ကို ထုတ်ဝေခဲ့ရာတွင် ဘော့စနစ်ခ်ျအား ပရော်ဖက်ရှင်နယ် ကျင့်ဝတ်ပိုင်းတွင် ဆိုးရွား အားနည်း လွန်းကြောင်း ဝေဖန်ထား

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်သည် မိမိကို မျက်နှာချင်း ဆိုင် ဖြေရှင်းနိုင်လောက်အောင် သတ္တိမရှိကြောင်း မာ့ခ်ဘော့စနစ်ခ်ျက စိန်ခေါ်လိုက်သည်။ ဩစတြေးလျ ဂိုးသမားဟောင်းသည် (၁၉၉၉/၂၀၀၀) ဘောလုံးရာသီက ဂန္ထဝင် ဂိုးသမားကြီး ပီတာရှမိုက်ကယ် နေရာတွင် ဆက်ခံရန် ယူနိုက်တက်သို့ ရောက်ရှိလာသော်လည်း ဖာဂူဆန် အားကိုး ရသည့် အခြေအနေထိ တောက်ပမလာခဲ့ချေ။ ထို့နောက်ပိုင်းတွင်မူ အက်စ်တန်ဗီလာ ဂိုးသမားဟောင်းသည် ယူနိုက်တက်မှ ထွက်ခွာပြီး ချယ်လ်ဆီးသို့ ပြောင်းရွှေ့သွားခဲ့သည်။ ဖာဂူဆန်သည် ဘောလုံးလောကမှ အနားယူသွားခဲ့သည့်နောက် ကိုယ်ရေးအထုပ္ပတ္တိ စာအုပ်ကို ထုတ်ဝေခဲ့ ရာတွင် ဘော့စနစ်ခ်ျအား ပရော်ဖက်ရှင်နယ် ကျင့်ဝတ်ပိုင်းတွင် ဆိုးရွား အားနည်း လွန်းကြောင်း ဝေဖန် ထားသည်။

ထိုအခြေအနေနှင့် ပတ်သက်၍ ဘော့စနစ်ခ်ျက ဖာဂူဆန်နှင့် မျက်နှာချင်းဆိုင် ဖြေရှင်း လိုကြောင်း ပြောဆို ခဲ့ပြီး စကော့သား မန်နေဂျာဟောင်းကြီးက တစ်စုံတစ်ရာ မတုံ့ပြန်သည့်အခါ နောက်တစ်ကြိမ် ထိုးနှက်လိုက်ခြင်း ဖြစ်သည်။ "ကျွန်တော် သူနဲ့ တွေ့ဖြစ်မှာပါ။ သူကရော ကျွန်တော့်ကို မျက်နှာချင်းဆိုင် တွေ့ရဲမှာလား။ ဩစတြေးလျကို မဲလ်ဘုန်းဖလား ပြိုင်ပွဲအတွက် သူရောက်လာမယ် ထင်ပါတယ်။ လူနှစ်ယောက်က အချင်းချင်း တွေ့ချင်တယ်၊ တွေ့ဖို့လည်း အခွင့်အရေး ရှိနေတယ်။ ဒါပေမဲ့ ဆာအဲလက်စ်ရဲ့ အခမ်းနားဆုံး အရည်အသွေးတွေထဲမှာ သတ္တိတော့ မပါလောက်ဘူး"ဟု Foxသို့ ဘော့စနစ်ခ်ျက ပြောကြားခဲ့သည်။

၎င်းက "ကျွန်တော်ကတော့ သူနဲ့ မျက်နှာချင်းဆိုင် ရှင်းချင်ပါတယ်။ ကျွန်တော့်ဘက်က ခံစားချက်က ဘာလဲဆိုတာ ပြောပြချင်တယ်။ ကျွန်တော်တို့ အားလုံးမှာ စွပ်စွဲချက် တစ်ခုခုကို ဖြေရှင်းဖို့ တူညီတဲ့ အခွင့်အရေး ပိုင်ဆိုင်ထားတယ် မဟုတ်လား"ဟုလည်း မှတ်ချက်ပြုသွားသည်။ ဘော့စနစ်ခ်ျသည် (၂၀၀၁)ခုနှစ်တွင် ချယ်လ်ဆီးသို့ ကူးပြောင်းခဲ့သော်လည်း (၁)နှစ်အကြာတွင် ဆေးစစ်မှု ရလဒ်အရ ကိုကင်းသုံးစွဲကြောင်း တွေ့ရှိသည့်အတွက် အသင်းမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

Planet Myanmar Network

0 comments:

Post a Comment